close

လောင်းလုံးတွင် လူဦး​ရေစာရင်းလိုက်ကောက်သည့်အဖွဲ့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာမှာ ဇန်နဝါရီ ၉ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လိုက်ကောက်နေတဲ့အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပေးထားတဲ့ အဲဒီအဖွဲ့ကို သူတို့တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တဲ့အပြင် တခြားတဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ AK47 သေနတ်တလက်နဲ့ ကျည်ဆန်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူတဦးကတော့ ပစ်ခတ်ခံရတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးလောက် လုံခြုံရေးယူပြီး ထားဝယ်ဘက်ကို သယ်ယူသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမြောကင်းကျေးရွာဟာ ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်နဲ့ ကပ်လျက်ရှိပြီး အဲဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တဲ့အပြင် တံတားဖြတ်သန်းသွားလာခွင့်ကိုလည်း ၂ နာရီကျော်ကြာ ပိတ်ထားခဲ့ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ ပညာရေးဝန်ထမ်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူရေး သင်တန်းတွေ ပို့ချခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up