close

မန္တလေးတွင် လူဦးရေစာရင်းကောက်သည့်နေရာများ ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့မှာ စစ်ကောက်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံနေတဲ့ နေရာတွေအပါအဝင် နေရာ ၅ နေရာကို ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ပထမအဆင့်အနေနဲ့ ဖောက်ခွဲသတိပေးခဲ့တယ်လို့ No More Dictatorship PDF MDY အဖွဲ့က ပြောပါတယ်။

ပထမအဆင့်အနေနဲ့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ခံနေသူတွေကို မထိခိုက်အောင် လက်လုပ်မိုင်းနဲ့ပဲ ဖောက်ခွဲသတိပေးခဲ့တာ ဖြစ်တယ်လို့ No More Dictatorship PDF MDY မှ ကိုနဂါးကြီးက ပြောပါတယ်။

“တရားမျှတမှုမရှိတဲ့ အမည်ခံရွေးကောက်ပွဲကို ဘယ်လိုနည်းပဲနေနေ တားဆီးသွားမှာပါဗျ။ ဒုတိယအဆင့်အနေနဲ့ ဆက်လုပ်သွားမှာတွေ ရှိပါတယ်။”

လူဦးရေစာရင်း ကောက်ခံနေတဲ့ ၇၃ လမ်း၊ ၃၇ လမ်း ဓမ္မာရုံအနီး၊ ချမ်းမြသာစည်မြို့နယ်၊ ၅၆ လမ်း ၅၇ လမ်း ၁၁၃ လမ်း၊ ၃၈ လမ်း ၈၉ လမ်းထောင့် အမှိုက်ပုံ စည်ပင်ဝန်းအတွင်း၊ ၆၈ လမ်း ၁၀၇ လမ်း ဘောလုံးကွင်းအရှေ့ဘက် ဘက်စုံအားကစားကွင်း၊ ၄၀ × ၄၁ လမ်း၊ လမ်း ၉၀ ဧသုခရပ်ကွက်ရုံးတို့ကို မနေ့ညနေ ၄ နာရီနဲ့ ၅ နာရီကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖောက်ခွဲသတိပေးမှုကြောင့် ထိခိုက် ဒဏ်ရာရသူတွေနဲ့  ပျက်ဆီးဆုံးရှုံးမှုတွေတော့ မရှိပါဘူး။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားက အဆင့်နိမ့်ရဲစခန်းကိုလည်း ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Acid Army PDF Mdy တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ တန်းစီတဲ့နေရာနားထိ ပစ်ခတ်ခဲ့တာပါ။ စခန်းအစောင့်တွေတော့ ရှိပါတယ်။ အစောင့်တွေ လစ်တဲ့အချိန် ပစ်ခဲ့တာပါ။ အထိအခိုက်တော့ တော်တော်လေးရှိပါတယ်”

ရဲစခန်းအတွင်းထဲထိ လက်ပစ်ဗုံး ပစ်ထည့်နိုင်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရသေးဘဲ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာလည်း ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက ကင်းပတ်လာတဲ့ စစ်ကားနှစ်စီး မိုင်းဆွဲခံခဲ့ရပြီး စစ်သား ၂ ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့နဲ့ မလိုက်နာရင် ဒုတိယအဆင့်အနေနဲ့ ကောင်းသည်ဆိုးသည် မခွဲခြားဘဲ တိုက်ခိုက်သွားတော့မှာဖြစ်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ရပ်ကွက်တွေအတွင်း တအိမ်တက်ဆင်း လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်ကစတင်ပြီး ကောက်ခံနေတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စစ်ကောင်စီပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up