close

နတ္တလင်း တာပွန်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ရပ်မပေးသဖြင့် ဒေသခံတဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ် တာပွန်ကျေးရွာထိပ်က စစ်ဆေးရေးဂိတ်ကို ဖြတ်သွား တဲ့ ဒေသခံအမျိုးသားတဦးအား ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး စစ်ကောင်စီတပ်နဲ့ရဲတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပစ်ခတ်ခံခဲ့ရတဲ့သူ  သရက်ကုန်းရွာက ကိုဝင်းဇော်ထွန်းဖြစ်ပြီး  ပထမနှစ်ကျောင်းသားကနေထွက်ကာ ပေါင်းတည်မြို့က ချေးငွေလုပ်ငန်းမှာ အလုပ်လုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

“သရက်ကုန်းရွာကနေ နတ်တလင်းမြို့ကိုအသွားမှာ တာပွန်စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့အခါမှာ  ဆိုင်ကယ်လိုင်စင် စစ်မှာဖြစ်တာကြောင့် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးထားတာ မရသေးတဲ့အတွက် အဖမ်းခံရမှာကိုကြောက်ပြီး မရပ်တော့ဘဲ ဖြတ်မောင်းသွားတာကို ဂိတ်မှာစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ထဲက ခြေထောက်မသန်တဲ့ ဂန်းရှော့ (ကျော်မင်း) ဆိုတဲ့ အငြိမ်းစား၊ စစ်ထွက်က  G3 နဲ့လှမ်းပစ်တာ  ၄ ချက်တောင်။ အလောင်းကတော့ အခုထိ လမ်းမပေါ်မှာပဲ မြင်မကောင်းဘူး။ ပစ်တဲ့ကောင်တော့ ဘာမှမဖြစ်သလိုဘဲ ထော့ကျိုးထော့ကျိုးနဲ့ အဲ့ဒိဂိတ်ထဲမှာ သွားလာနေတာပဲ” လို့ ဂိတ်အနီးနေ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ရဲတွေက ကို၀င်းဇော်ထွန်းရဲ့ အလောင်းကို ဗုံးတွေနဲ့တွဲ ဓာတ်ပုံရိုက်ပြီး ညနေပိုင်းမှာ နတ္တလင်းဆေးရုံကို သယ်ယူသွားတယ်လို့ မိသားစု၀င်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

တာပွန်ရဲစခန်းဟာ နေ့ညမရွေး ဆိုင်ကယ်တွေကို ဖမ်းဆီးနေပြီး တစီးကို ငွေကျပ် နှစ်သိန်းနဲ့ ရွေးခိုင်းတာ၊ မရွေးနိုင်ပါက ထောင်ဒဏ် ၁ လကျခံရတာတွေကြောင့်  ဒေသခံတွေဟာ ဆိုင်ကယ် အဖမ်းခံရမှာ ကြောက်နေကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up