ဗြိတိန်-အီရန် နှစ်နိုင်ငံသား Alireza Akbari ကို သူလျှိုလုပ်မှုဖြင့် အီရန် ကွက်မျက်

ဗြိတိန်-အီရန် ၂ နိုင်ငံသား Alireza Akbari ကို ဗြိတိန်အတွက် သူလျှိုလုပ်မှုနဲ့ အီရန်က သေဒဏ်ချမှတ်လိုက်ပြီးနောက် ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း တရားရေးရုံးရဲ့ Mizan သတင်းဌာနက ဇန်နဝါရီ ၁၄ ရက်မှာ ဖော်ပြပါတယ်။
“အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ဗြိတိသျှအစိုးရရဲ့ ထောက်လှမ်းရေးဌာနအတွက် သူလျှိုလုပ်ခြင်း ကနေတဆင့် နိုင်ငံရဲ့ပြည်တွင်းပြည်ပ လုံခြုံရေးကို ထိခိုက်စေတဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရပ်တွေ ကြောင့် သေဒဏ်ချမှတ်ခံရတဲ့ Alireza Akbari ကို ကွပ်မျက်လိုက်ပြီ” လို့ Mizan က တွစ်တာမှာ ဖော်ပြထားတာပါ။
အီရန် ဒုတိယကာကွယ်ရေးဝန်ကြီးဟောင်း Akbari ကို ကွပ်မျက်ခြင်း မပြုဖို့အတွက် အီရန်က မလိုက်နာခဲ့ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ဇန်နဝါရီ ၁၃ ရက်မှာ ပြောကြားပါတယ်။
ဗြိတိန်က ဒီသေဒဏ်ဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ဖော်ပြခဲ့ပြီး သူ့ကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Akbari ဟာ သူလျှိုလုပ်မှုအတွက် ယူရို ၁ သန်း ၈ သိန်း ၅ ထောင်၊ စတာလင်ပေါင် ၂ သိန်း ၆ သောင်း ၅ ထောင် နဲ့ ဒေါ်လာ ၅ သောင်း တို့ကို ရရှိခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ ဘီဘီစီ ပါရှန်းဌာနခွဲကနေ ထုတ်လွှင့်တဲ့ အသံဖမ်းချက်ထဲမှာ Akbari က ပြင်းပြင်းထန်ထန် ညှဉ်းပန်း နှိပ်စက်ခံရပြီးနောက်မှာ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ဝန်ခံခဲ့ကြောင်း ပြောကြားထားပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၂ ရက်က ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုထဲမှာ Akbari ဟာ ၂၀၂၀ ခုနှစ်က တီဟီရန် အပြင်ဘက် တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ အီရန်ရဲ့ ထိပ်တန်းနျူကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh ကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ကြောင်း ပြသထားတယ် လို့ ဆိုပါတယ်။
အဲဒီတုန်းက ဒီဖြစ်ရပ်အတွက် အာဏာပိုင်တွေက အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ Akbari ဟာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ကြောင်း ဝန်ခံခြင်းမရှိပေမယ့် ဗြိတိန်အေးဂျင့် တဦးက သူ့ကို Fakhrizadeh နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တောင်းခံခဲ့ကြောင်း ပြောထားပါတယ်။
အီရန် နိုင်ငံပိုင်မီဒီယာတွေဟာ နိုင်ငံရေးအရ စွဲချက်တင်ထားတဲ့အမှုတွေမှာ သံသယရှိသူတွေရဲ့ ဝန်ခံချက်တွေကို မကြာခဏ ထုတ်လွှင့်လေ့ရှိပါတယ်။ ရိုက်တာစ်ကတော့ နိုင်ငံပိုင်မီဒီယာရဲ့ ဗွီဒီယိုနဲ့အသံဖိုင်တွေရဲ့ စစ်မှန်မှုနဲ့ ဒါတွေကို ဘယ်အချိန် ဘယ်နေရာမှာ မှတ်တမ်းတင်ထားကြောင်း ကို မဖော်ထုတ်နိုင်သေးပါဘူး။