close

အမေရိကန်အလှမယ် ၂၀၂၂ ခုနှစ် မယ်စကြဝဠာသရဖူ ဆွတ်ခူး(ရုပ်သံ)

၇၁ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့မှာ ကျင်းပရာမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၈၄ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမေရိကန်နိုင်ငံကိုယ်စားပြုအလှမယ် အာရ်ဘိုနီ နိုလာ ဂေဘရီရယ်လ်က သရဖူဆု ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၂၈ နှစ်အရွယ်အလှမယ်ကိုတော့ အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်မှာ ဖိလစ်ပိုင်လူမျိုးဖခင်နဲ့ အမေရိကန်သူ မိခင်တို့က ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ မြောက်ပိုင်းတက္ကဆတ်တက္ကသိုလ်ကနေ ဖက်ရှင်ဒီဇိုင်းပညာအထူးပြုနဲ့ ဘွဲ့ရရှိထားခဲ့ကာ မော်ဒယ်အဖြစ်ရော၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်နဲ့ သဟဇာတဖြစ်တဲ့ အဝတ်အထည်ထုတ်လုပ်တဲ့ ဒီဇိုင်နာအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေ တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ် နောက်ဆုံး ၅ ယောက်ဆန်ကာတင်စာရင်းမှာတော့ ကျူရေးကိုးစ်ကျွန်းနိုင်ငံ၊ ပွာတိုရီကို၊ ဒိုမီနီကန်၊ ဗင်နီဇွဲလားနဲ့ အမေရိကန်နိုင်ငံတွေ ပါဝင်ခဲ့ပြီး အမေရိကန်အလှမယ်က သရဖူ ဆုရရှိခဲ့ကာ 1st runner-up ဆုကို ဗင်နီဇွဲလားအလှမယ်၊ 2nd runner-up ဆုကို ဒိုမီနီကန်အလှမယ်တွေ ရရှိသွားပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ ကိုလံဘီယာ၊ အိန္ဒိယ၊ လာအို၊ ပီရူး၊ ပေါ်တူဂီ၊ တောင်အာဖရိက၊ စပိန်နဲ့ ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံတွေကတော့ နောက်ဆုံး ဆန်ကာတင် ၁၆ ယောက်စာရင်းမှာ ပါဝင်ခဲ့ပြီး မြန်မာကိုယ်စားပြု အလှမယ်ကတော့ ဒီစာရင်းထိ မပါဝင်နိုင်ခဲ့ပါဘူး။  

မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဇာလီမိုးဟာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားတဲ့ ကာလအတွင်းမှာပဲ သွားရောက်ခဲ့တာမို့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်မှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က နောက်ဆုံးသွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူ ဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုက် အဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်တို့က ရရှိခဲ့ကြတာမို့ သူဇာဝင့်လွင်ကတော့ ၈ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။ 

၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up