ဘယ်လာရုစ်နယ်စပ်တွင် ခံစစ်အားကောင်းစေရန် ယူကရိန်းပြင်ဆင်

အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံကနေ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုမှန်သမျှကို တွန်းလှန်ဖို့အတွက် ခံစစ်နေရာတွေကို အားကောင်းအောင်လုပ်နေတယ်လို့ ယူကရိန်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ဗိုလင်းန်-Volyn နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ယူကရိန်းဟာ နယ်စပ်တစ်ဖက်ခြမ်းမှာ ပြုလုပ်နေတဲ့ ရုရှားနဲ့ ဘယ်လာရုစ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လေ့လာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
အခုချိန် ဘယ်လာရုစ် နယ်စပ်မှာ အခြေအနေကို ထိန်းချုပ်ထားပေမယ့် တင်းမာနေတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းသမ္မတကတော့ ရုရှားဟာ ၂ နိုင်ငံကြားက ၁၁ လနီးပါးကြာ စစ်ပွဲကို အရှိန်မြှင့်ဖို့အတွက် အင်အားတွေ စုဆောင်းနေကြောင်း ဇန်နဝါရီ ၁၀ ရက်က သတိပေးခဲ့ပါတယ်။
ချေမှုန်းရေးအသစ် လုပ်နိုင်တဲ့ လမ်းကြောင်းတွေထဲမှာ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းအသစ်က ဘယ်လာရုစ်ပဲလို့ ယူကရိန်း ထိပ်တန်း ဗိုလ်ချုပ်ကြီးက ဒီဇင်ဘာလမှာ သတိပေးခဲ့ပါတယ်။
ဘယ်လာရုစ်မှာ ရုရှားတပ်ဖွဲ့ဝင် ၁၅၀၀၀ လောက်ရှိနေတယ်လို့ ယူကရိန်းစစ်တပ်က ခန့်မှန်းထားပြီး စစ်ရေးအကဲခတ်တွေကတော့ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကြားရှိမယ်လို့ တွက်ချက်ထားပါတယ်။