တရုတ်တွင် ကိုဗစ်လူနာအရေအတွက် ကျဆင်းနေဟု ကျန်းမာရေးအရာရှိ ပြော

တရုတ်နိုင်ငံမှာ ကိုဗစ်အဖျားရောဂါနဲ့ အရေးပေါ်ဆေးရုံတင်ထားရမှု အမြင့်ဆုံးဖြစ်ပြီး ဆေးရုံ တင်ထားတဲ့ ကိုဗစ်လူနာအရေအတွက် ဆက်ကျဆင်းနေတယ်လို့ တရုတ်ကျန်းမာရေး အရာရှိ တစ်ဦးက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
ဇန်န၀ါရီ ၂၁ ရက်မှာ စတင်မယ့် နှစ်ကူးပွဲတော်အတွင်း တရုတ်ပြည်သူ လူသန်းပေါင်း ရာပေါင်းများစွာဟာ မြို့ကြီး၊ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေက အိမ်တွေဆီ ပြန်ကြတဲ့ နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ ခရီးသွားလာမှု သိသိသာသာ မြင့်တက်လာလေ့ ရှိပါတယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ရှိတဲ့ တရုတ်နိုင်ငံတဝန်းရှိ အဖျားဆေးခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအချိုးဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ၃၃ ဒသမ ၉ ရာခိုင်နှုန်း ရှိနေရာက ခုတော့ ၁၀ ဒသမ ၈ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ကျဆင်းလာတယ်လို့ တရုတ်ကျန်းမာရေးအရာရှိ ကျောက်ယာ့ဟွေက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။
အဖျားဆေးခန်းဆီ လာပြတဲ့ လူနာအရေအတွက်ဟာ ယေဘုယျအားဖြင့် မြို့ကြီးတွေနဲ့ ကျေးလက် ဒေသတွေမှာ အမြင့်ဆုံးဖြစ်ပြီး နောက်ပိုင်းမှာ ကျဆင်းလာပါတယ်လို့ ကျောက်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ တင်းကျပ်တဲ့ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး မူဝါဒကို ပြီးခဲ့တဲ့လက ရုတ်တရက်ရပ်ဆိုင်းပြီးတဲ့နောက် အထူးသဖြင့် ထိခိုက်လွယ်နိုင်တဲ့ ကျေးလက်ဒေသတွေမှာ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို အားဖြည့် ပံ့ပိုးပေးမယ်လို့ အရာရှိတွေက ပြောခဲ့ကြပါတယ်။