close

ရန်ကုန်တွင် စစ်တပ်က လူဦးရေစာရင်းကောက်ရင်း ပြည်သူများကို ဖမ်းဆီးနေ

ရန်ကုန်တိုင်း၊ အင်းစိန်၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက ရွေးကောက်ပွဲ လူဦးရေစာရင်းကောက်ရင်း  ဇန်နဝါရီ ၁၄ ရက်က အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်တို့ကို  ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဖော့ကန်မှာ မနေ့ နေ့လယ်က လူဦးရေစာရင်းကောက်ယူရင်း အမျိုးသားယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

"ဖုန်းထဲကနေ စစ်တပ်ကို မကောင်းကြောင်းတွေတင်ထားလို့ဆိုပြီး လက်ထိပ်ခတ်ပြီး ဖမ်းသွားတာ"လို့ ပြောပါတယ်။

လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှာလည်း မြေပြင်လူဦးရေစာရင်းကောက်ယူတဲ့  ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တယ်လို့ဆိုကာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အလားတူပင် စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက်မှာလည်း လူဦးရေစာရင်းကောက်ယူစဥ် စစ်ကောင်စီတပ်က အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။

လူဦးရေစာရင်းကောက်ယူရာမှာ စစ်တပ်က လုံခြုံရေးအနေနဲ့ ရပ်ကွက်နဲ့လမ်းဆုံတွေမှာ နေရာယူထားပြီး ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား ဖမ်းဆီးခိုင်းနေတာလို့ စာရင်းကောက်ယူရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

"ရပ်ကျေးအုပ်ချုပ်ရေးက စစ်တပ်ပါလာတော့ အရင်ကကိစ္စတွေကို ရန်ငြိုးထားပြီး ဖမ်းခိုင်း တာရှိတယ်။ ဖုန်းထဲမှာတင်ထားတဲ့ post တွေက လူရင်းကပဲသိတာ အဲဒါကြောင့် သူတို့မပြောဘဲ စစ်တပ်ကမဖမ်းဘူး။”

ဒီနေ့ မနက်ပိုင်းကလည်း သာကေတမြို့နယ် ၁၀ /တောင် ၁၄ ရပ်ကွက် သလ္လာဝတီ (၁)လမ်းမှာ စစ်ကောင်စီခန့် ရာအိမ်မှူးတယောက် အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up