close

လက်နက်ကြီးကြောင့် ပလ ဒေသခံ ၂ ဦး ဒဏ်ရာရ၊ စစ်တပ်ထုတ်ကုန်မသုံးရန် တနင်္သာရီ ပအဖ ထုတ်ပြန်၊ ထီးခီးလမ်းတွင် မူးယစ်ဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပလမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် နေအိမ်တချို့ ထိခိုက်ပြီး ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် ညနေ့ပိုင်းက ပလမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပလမြို့ရဲစခန်းကနေ  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာပါ။

ဒေသခံတဦးက "ညနေ့ပိုင်းအချိန်လောက်ရှိမယ်။ တိုက်ပွဲဖြစ်ပြီး မကြာဘူး။ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ပစ်ခတ်တာပါ။ အိမ် ၅ လုံးလောက် ထိခိုက်တယ်လို့ ပြောတယ်။ လူတချို့လည်း ထိခိုက်သွားတယ်" လို့ ပြောပါတယ်။

အသက် ၄၀ အရွယ်အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် လက်နက်ကြီး ထိမှန်တာဖြစ်ပြီး အမျိုးသမီးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။

ပလရဲစခန်းကနေ လက်နက်ကြီးနဲ့ မကြာမကြာ ပစ်ခတ်နေတာကြောင့် တိုကျေးရွာက နေအိမ်တချို့ ထိခိုက်ခဲ့ပါတယ်။                                                                                                                                                                                                     တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူး ရောင်းချတာတွေ လုံးဝမပြုလုပ်ဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရေ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“စကစကို ကျားကန်ပေးထားတဲ့ ထောက်တိုင်တွေထဲကတခုဖြစ်တဲ့ စစ်တပ်နဲ့ လက်ပါးစေတို့ရဲ့ စီးပွားရေးထောက်တိုင်တွေကို လူထုတော်လှန်ရေးအတွက် ဖြိုချပစ်နိုင်ဖို့ အရေးကြီးတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်ရဲ့ ကုန်ပစ္စည်းများဖြစ်တဲ့ Myanmar Beer, Mandalay Beer စတဲ့ အရက်ဘီယာအချိုရည်တွေ၊ Red Ruby၊ Premium Gold စတဲ့ ဆေးလိပ်တွေ၊ စာသောက်ကုန်တွေနဲ့ ပဒုမ္မာဆပ်ပြာ၊ Mytel ဆင်းမ်ကတ်စတဲ့ လူသုံးကုန်ပစ္စည်းတွေ ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

“အဓိကကတော့ စကစရဲ့ ဝင်ငွေလျော့ပါးအောင် Boycott လုပ်တာပါ။ ဒီအစီအစဉ်မှာပါဝင်တဲ့ ပြည်သူတဦးချင်းစီအနေဖြင့်လည်း တော်လှန်ရေးမှာ နိုင်ရာတတပ်တအား ပါဝင်ပြီးသားဖြစ်သွားတယ်။ တော်လှန်ရေးမှာ လက်နက်ကိုင်မှမဟုတ် မိမိတတ်နိုင်သလောက် လုပ်ဆောင်နေခြင်းကလည်း တော်လှန်ရေးအောင်မြင်အောင် ပါဝင်နေခြင်းဖြစ်တယ်ဆိုတာ သိအောင်လို့ လုပ်ဆောင်စေချင်ပါတယ်” လို့ တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဗွီဘီ ကို ပြောပါတယ်။

အဆိုပါ ကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူး ရောင်းချတာတွေ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မနက်ကလည်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ  စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါသေးတယ်။

တနင်္သာရီတိုင်း၊ ထားဝယ် ထီးခီးကားလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ထားဝယ်ဘက်မှ ထီးခီးဘက်ကို  သုံးဘီးယာဉ်တစီး၊ ဆိုင်ကယ်တစီးနဲ့ လာတဲ့ အမျိုးသား ၄ ဦးအား မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းများ စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးထားတယ်လို့ သံမဏိပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ အမျိုးသား ၄ ဦးမှာ ယာဉ်မောင်း ကိုငြိမ်းချမ်း၊ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်သူ ကိုဇော်မင်းအောင်၊ ကိုအောင်မျိုးနိုင်နဲ့ ကိုအောင်သူတို့ဖြစ်ကြပြီး ထားဝယ်မြို့နဲ့ မေတ္တာမြို့နယ်မှာ နေထိုင်သူတွေဖြစ်ကြပါတယ်။

အဆိုပါအမျိုးသား ၄ ဦးကို WY ဆေးပြား ၄၀၀၀၊ ဆေးခြောက် ၂ ထုပ်၊ စမတ်ဖုန်း ၂ လုံး၊ ကီးပက်ဖုန်းတလုံး၊ ငွေသား ၁၃ သိန်းကျော်၊ သုံးဘီမော်တော်ယာဉ်တစီးနဲ့ Dream အမျိုးအစား ယိုးဒယားနိုင်ငံထုတ် မော်တော်ဆိုင်ကယ်တစီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေအား အရေးယူနဲ့ပတ်သက်ပြီး နဘယံအဖွဲ့ပြန်ကြားရေးက “အခုလောလောဆယ်က ထိန်းသိမ်းပြီး နောက်ဆက်တွဲ ကွင်းဆက်တွေအရင် စုံစမ်းနေပါတယ်၊ ပြီးမှ အရေးယူမှုလုပ်ရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က ထားဝယ် ထီးခီးလမ်းပိုင်းမှာ နဘယံအဖွဲ့၊ ကော်သူးလေအာမီ၊ T1 နဲ့ တပ်ပေါင်းစု ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အခုလို မူးယစ်ဆေးဝါးသယ်ယူလာသူတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကစပြီး ဇန်နဝါရီလကုန်အထိ ထားဝယ် ထီးခီးကားလမ်းပိုင်းမှာ သံတိုသံစဝယ်တဲ့ သုံးဘီယာဉ်တွေနဲ့ ပြည်ပထွက်ခွာသူတွေကို နယ်စပ်ပို့ဆောင်နေတဲ့ ယာဉ်တွေကို လုံးဝဖြတ်သန်းသွားလာခြင်း မပြုကြဖို့ စစ်ရေးသတိပေးချက်ကို ဥသြစစ်ကြောင်းကလည်း ထုတ်ပြန်ထားပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up