close

ထိုင်းလူငယ်အဆိုတော်ရဲ့ Bad Boy သီချင်း မူကြိုရွယ်ကလေးများအကြား ရေပန်းစား

လတ်တလော ထိုင်းနိုင်ငံက ၅ နှစ်အောက် မူကြိုကျောင်းသားရွယ် ကလေးငယ်တွေကြား ရေပန်းစားနေတဲ့ သီချင်းကတော့ Bad Boy (ဆိုးသွမ်းလူငယ်)လို့ အဓိပ္ပာယ်ရတဲ့ ဆယ်ကျော်သက်ရွယ် လူငယ်အသည်းကွဲသီချင်း ဖြစ်ပါတယ်။

ဒီသီချင်းကို Paper Planes တီးဝိုင်းအဖွဲ့မှ ရက်ပ်အဆိုတော် ဟိုင်းထန်းဝါးက ရေးစပ်သီဆိုပြီး ဘေ့စ်ဂီတာတီးသူ ဆဲန်းနာ့ခလင်းက ဟာမိုနီသီဆိုကာ Music Video ကို  ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလက ယူကျု့ပေါ်မှာ စလွှင့်ခဲ့ပါတယ်။

ဒီသီချင်း ဘယ်ချိန်မှာစပြီး နာမည်ကြီးသွားတာကို မသိလိုက်ပေမယ့် ပြီးခဲတဲ့ဒီဇင်ဘာ ခရစ္စမတ်ပွဲတော်ကာလ ဘန်ကောက်ဆာဖာရီဝေါလ် မူလတန်းကျောင်းမှာ ကလေးတွေ ကိုယ်တိုင်ဒရမ်ခေါက်ပြီး အားရပါးရ ဝိုင်းဝန်းအော်ဆိုနေတဲ့ ဗွီဒီယိုဖိုင်ကို စတွေ့ခဲ့ကြောင်း၊ အဆိုပါသီချင်းကို ကလေးတွေဆိုနေတဲ့ ဗွီဒီယိုဖိုင်တွေလည်း ပရိသတ်က ပို့လာပေးကြောင်း၊ ရှိုးပွဲတွေမှာ အဆိုပါ သီချင်းဆိုလိုက်တိုင်း အားပေးတဲ့ ပရိသတ်တွေက မူလတန်းကလေးတွေ၊ တချို့မှာ နို့ဘူးကိုင်လျက်၊ တချို့မှာ လူကြီးရဲ့ကျောကုန်းကိုခွစီးပြီး အကြီးအကျယ်အားပေးခဲ့တာကို အံ့အားသင့်စွာတွေ့ရတယ်လို့  တေးသံရှင် ဆဲန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

သူ့ရဲ့ပရိသတ်အများစုဟာ မူကြိုရွယ်ကလေးတွေ ဖြစ်နေတာကိုသိသွားတဲ့နောက်၊ အနေအထိုင် အပြောအဆိုဆင်ခြင်ရကြောင်း၊ ကလေးတွေဟာ အတုမြင် အတတ်သင်လို့ လူတွေရှေ့မှာ ဆေးလိပ် ဘီယာသောက်တာ မလုပ်တော့ဘူးလို့လည်း ပြောပါတယ်။

ဖျော်ဖြေပွဲတစ်ခုမှာ “ငါတို့ ငယ်သွားဂိုဏ်းအဖွဲ့ဝင် (သွားမလဲသေးတဲ့အရွယ်)တွေ သွားပိုးမစားရအောင် နေ့ခင်းအိပ်ခါနီး သွားတိုက်ကြမယ်၊ ကတိပေးမလားဟေ့ ” လို့ပြောလိုက်ပြီးတဲ့နောက် ကလေးတွေ သွားတိုက်ရမှာ မပျင်းတော့ဘူးလို့ မိဘအုပ်ထိန်းသူနဲ့ ကလေးသွားဘက်ဆိုင်ရာ ဆရာဝန်တွေကပါ ချီးမွှမ်းခဲ့ပါတယ်။

ဒီသီချင်းကို ကလေးတွေ ဘာကြောင့် ကြိုက်တယ်လို့ ထင်သလဲလို့ သတင်းထောက်က တေးသံရှင်ကို မေးမြန်းရာမှာ ဆဲန်းက “ ကျနော်လည်း မသိဘူးဗျ ကောင်မလေးတယောက်ကို ကြိုက်တယ်။ သူက ပြန်မကြိုက်ဘူး၊ နင့်ပုံစံက လမ်းသရဲ ( bad boy )  ခဏခဏလည်းချက် (Chat ) သေးတယ်လို့ အငြင်းခံရလို့ စိတ်နာပြီးရေးလိုက်တာ။  ဒါပေမဲ့ မယ်လိုဒီသံစဉ်က ကလေးတွေ အလီရွတ်တဲ့ကဗျာနဲ့ သွားတူနေလို့ ထင်တယ်။ ပြီးတော့ bad boy လို့ အော်ပြီးဆိုတဲ့နေရာမှာ ကလေးတွေက အားရပါးရအော်ရတာကို သဘောကျတယ်လို့ ထင်ပါတယ်။ သူတို့က ဘာအဓိပ္ပာယ် ပေါက်မှန်းတောင် မသိပါဘူး။ တချို့ဆို စကားပြောတောင်မပီသေးဘူး။ သီချင်းအတိုင်းတော့ အသားကုန်အော်တတ်တယ်။ သူတို့အရွယ်က အော်လေလေ အဆုတ်အားကောင်းလေလေလို့ ကျနော် ကြားဖူးတယ်ဗျ။ လူကြီးတွေအနေနဲ့ကျ ခက်ခက်ခဲခဲ အော်ရတယ်။ အစ်ကိုတို့ အစ်မတို့ အော်ကြည့်ပါလား ၊ ကလေးတွေလောက် အဆုံးမရောက်ဘူး ” လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၁၅ ရက်က  နိုင်ငံတဝန်း ထိုင်းကလေးများနေ့ အခမ်းအနားကို ကျင်းပရာမှာ ပွဲတိုင်းလို bad boy သီချင်းနဲ့ သီဆိုကြပြီး အဆိုတော်ကိုယ်တိုင် သွားရောက်ဖျော်ဖြေပေးခဲ့တဲ့ ဘန်ကောက် ဆာဖရီဝေါလ် တိရစ္ဆာန်ဥယာဉ်မှာတော့ ပရိသတ် ၆၀၀၀ ကျော်နဲ့ အစည်ကားဆုံး ကလေးများနေ့ပွဲ ဖြစ်ခဲ့ပါတယ်။

လင်းပိုင်ရေကန် နောက်ခံထားကာ ပရိသတ်တွေကြား သီဆိုဖျော်ဖြေစဉ် ရေထဲက လင်းပိုင်တွေကလည်း စည်းဝါးညီညီ ခုန်တက်လာလို့ ကလေးတွေ ပိုသဘောကျခဲ့ပါတယ်။ 

အဆိုတော်က ကလေးများနေ့မှာ သီချင်းဆိုပေးဖို့ နေရာအတော်များများက ကမ်းလှမ်းလာကြပေမဲ့ သူတို့သီချင်းနဲ့ ကနေတဲ့ပုံ ပထမဆုံး မြင်တွေ့ရတဲ့ ဒီနယ်မြေမှာ လာဆိုချင်လို့  ကိုယ်တိုင် ကမ်းလှမ်းခဲ့တာလို့ ပြောပါတယ်။ 

မူကြိုရွယ် ကလေးတွေကြား ရေပန်းစားသွားတဲ့ ဆယ်ကျော်သက်သီချင်းဟာ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယူကျု့ပေါ်မှာလည်း ကြည့်ရှုတဲ့ အကြိမ်ပေါင်း ၄၃ သန်းပြည့် သွားပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် ရေပန်းအစားဆုံးသီချင်း ၁၀ ပုဒ်စာရင်းထဲမှာလည်း bad boy သီချင်းပါသွားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up