close

စစ်ခေါင်းဆောင်လာမည့်သတင်းကြောင့် ငပလီနှင့် သံတွဲတွင် လမ်းဘေး‌ဆိုင်များဖျက်ဆီးခံရ 

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မယ်လို့ သတင်းထွက်နေပြီး လုံခြုံရေးအများအပြားချထားသလို ငပလီနဲ့ သံတွဲက လမ်းဘေးဈေးဆိုင်တွေကိုလည်း အတင်းအကျပ်ဖျက်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငပလီနဲ့သံတွဲမြို့ပေါ်မှာ စစ်သားအပြည့်တင်ထားတဲ့ စစ်ကားတွေ လှည့်ပတ်နေကြသလို ဘုန်းကြီးကျောင်း၊ စေတီဘုရားတွေနဲ့ စာသင်ကျောင်းတွေမှာလည်း အထိုင်ချ တပ်စွဲထားကြပါတယ်။

"မြို့ထဲမှာ အရပ်ဝတ်တွေနဲ့ လျှောက်သွားနေကြတာတွေလည်း အများကြီးပဲ။ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ လျှောက်သွားနေကြတာ။ ငပလီကမ်းခြေမှာဆိုရင် ညနေဆို ရဲတွေကားစင်းလုံးပြတ်နဲ့လာပြီး ကမ်းခြေမှာ သောက်စားနေကြတာ အများကြီး။ ပြီးရင် အမှိုက်တွေ၊ ပုလင်းခွံတွေကို ဒီအတိုင်းထားပြီး မူးရူးပြီး ပြန်သွားကြတယ်။ ဒီဒေသက ရဲတွေတော့ မဟုတ်ဘူး" လို့ ငပလီဒေသခံတယောက်က ပြောပါတယ်။ 

သံတွဲဒေသခံတယောက်ကတော့ ဒီရက်ပိုင်းမှာပဲ မြို့ပေါ်လမ်းတိုင်းမှာ သေနတ်နဲ့ရဲတွေ တနေကုန် ကင်းစောင့်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

“ရဲတွေကတော့ နေရာတကာပဲ။ လမ်းတွေမှာလည်း ခုမှ ဆေးသုတ်တာတွေတွေ့တယ်။ တံတားတွေ၊ ထရန်စဖော်မာခြံစည်းရိုးတွေကို ဆေးသုတ်တယ်။ နံတော်တောင် ဘုရားနားက ဆိုင်တွေကိုလည်း ဖျက်ခိုင်းတယ်။ မင်းအောင်လှိုင် အဲဒီဘက်ကို လာမယ်ထင်တာပဲ။ မြို့ထဲက ဈေးရှေ့မှာလည်း ဟင်းသီးဟင်းရွက်သည်တွေ လမ်းဘေးမှာ နှစ်တန်းရောင်းနေတာကနေ အခု တတန်းပဲ ရောင်းရတော့တယ်။ ဆိုင်ကယ်တွေလည်း ဈေးရှေ့မှာ မရပ်ရတော့ဘူး။ ငပလီတလျှောက်မှာလည်း လမ်းဘေး ဆိုင်တွေကို ဖျက်ခိုင်းတယ်” လို့ ပြောပါတယ်။

လုံခြုံရေးချထားတဲ့ ရဲနဲ့ စစ်သားတွေထဲမှာ ဒေသခံတပ်က မဟုတ်သူတွေလည်းပါပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်စစ်သားတွေကို စစ်ကားကြီးတွေနဲ့ သယ်ဆောင်လာကြတာ ဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ခရီးသည်တင် မှန်လုံကားတွေနဲ့ သယ်ဆောင် လာခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"ငပလီနဲ့ မေရိုးဘေးဘက်မှာ စစ်သင်္ဘောကြီးနှစ်စင်း ကင်းချထားတယ်။ သူတို့ရှိနေတော့ ငါးဖမ်းသမားတွေတောင် ပင်လယ်မထွက်ရဲဘူး။ ဒီကောင်တွေက မထင်ရင် မထင်သလို ဖမ်းတယ်၊ ငါးတောင်းတယ်၊ စကားအပြောအဆိုမှားရင် အရိုက်ခံရသေးတယ်" လို့ ဂျိတ္တောရပ်ကွက် နေသူတယောက်ကဆိုပါတယ်။

လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင်တို့ ငပလီမှာ တွေ့ဆုံမယ်လို့ သတင်းထွက်နေပြီး စစ်ခေါင်းဆောင်တွေဟာ နိုင်ငံခြားက သူတို့ဧည့်သည်တွေကို မကြာခဏဆိုသလို သံတွဲ၊ ငပလီကို အလည်အပတ်ခေါ်လာလေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up