close

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၂၀ ကျော်သေဆုံးဟု NUG ပြော

ဇန်နဝါရီ ၁၇ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၅ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီမော်တော်ယာဉ် ၅ စီးကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့ပြီး ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်မှာတော့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို LDF က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို CNA က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ပလက်ဝမြို့နယ်မှာလည်း စစ်ကောင်စီစခန်းကို CNA နဲ့ CDF တို့က သွားရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီ ရေနံမြေစခန်းကို တော်လှန်ရေး မဟာမိတ်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ရေစကြိုမြို့နယ်မှာတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တေ ကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို LDF က ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ KNDF တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up