close

ဘန်ကောက်၌ လုပ်ငန်းခွင်မတော်တဆဖြစ်ပြီး ဦးခေါင်းဒဏ်ရာရသွားသည့် ကယန်းလူငယ် ၁ ဦး ဆေးဖိုး အကူအညီလိုအပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မတော်တဆဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ သတိလစ်ကာ ဆေးရုံတက် ဆေးကုသမှုခံယူနေရတဲ့ ကယန်းတိုင်းရင်းသား လူငယ်တဦးအတွက် ဆေးဖိုးဝါးခအကူအညီတွေ လိုအပ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ကယန်းတိုင်းရင်းသား ကိုဝင်းနိုင်ဟာ ဇန်နဝါရီ ၁၇ ရက် မနက် ၁၀ နာရီလောက်က  ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ အလုပ်လုပ်ရင်း ငြမ်းစင်ပေါ်ကနေ ပြုတ်ကျခဲ့လို့ ဦးခေါင်းဒဏ်ရာအပြင်းအထန်နဲ့ အရေးပေါ် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။  

ကိုဝင်းနိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တဦးက “ငြမ်းစင်ပေါ်က မတော်တဆ ပြုတ်ကျတာ။ အထပ်မြင့်တော့မဟုတ်ဘူး။ ဒီဘက်စင် ကနေ ဟိုဘက် ငြမ်းစင်ပေါ် သံချောင်းလှမ်းတင်ရင်း ပြုတ်ကျတာ။ သံချောင်းကပါ သူ့ခေါင်းပေါ်ကို တည့်တည့် ပြုတ်ကျတော့ ခေါင်းတော်တော် ထိသွားတယ်။ အောက်က ကွန်ကရစ်နဲ့ ခေါင်းနဲ့ ဆောင့်မိထားတဲ့ ဒဏ်ရာနဲ့ အပေါ်က သံချောင်းထပ်ကျတဲ့ ဒဏ်ရာ နှစ်ခုပေါင်းတော့ သွေးတွေ တအားထွက်ပြီးသတိမရတော့လို့ ဆေးရုံ တင်ထားရပါတယ်။ အခု ခွဲစိတ်မှုတွေ ပြုလုပ်ထားပါတယ်။”လို့ပြောပါတယ်။

ဒဏ်ရာနဲ့ ဆေးရုံတက်နေရတဲ့ ကိုဝင်းနိုင်ဟာ  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လဝိုးကျေးရွာသားတဦးဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတခုမှာ ခိုလှုံနေထိုင်နေရာက ရေရှည်ဘဝရပ်တည်ဖို့ ထိုင်းနိုင်ငံကို အခက်အခဲအမျိုးမျိုးတွေကြားက ရောက်လာခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ဝင်နေတာ ၃ လ လောက်ပဲရှိသေးတယ်လို့ သိရပါတယ်။ 

ကိုဝင်းနိုင်နဲ့အတူ အလုပ်လုပ်ကိုင်နေသူ တစ်ဦးက “ထိုင်းကို ရောက်တာလည်း မကြာသေးတော့ အဲ့လောက်များတဲ့ ပိုက်ဆံမရှိဘူး။ ကျနော်တို့မှာ အသိလည်းမရှိတော့ အလှူရှင်တွေပဲ ရှာနေရတယ်။ သူဌေးက ဆေးရုံတင်ပေးတယ်။ လိုအပ်တာတွေ ကြည့်ပေးပါတယ်။ ကုန်ကျစရိတ်အားလုံး သူဌေးတယောက်တည်းလည်း တာဝန်မယူပေးနိုင်လို့ ပိုက်ဆံရှာထားဖို့ ပြောတယ်”လို့ ပြောပါတယ်။

ကိုဝင်းနိုင်မှာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ကို ခွဲစိတ်မှု ၃ ကြိမ်ပြုလုပ်ထားရပြီး လက်ရှိအချိန်အထိ သတိမရသေးသလို ဆေးရုံက ဆရာဝန်တွေ ပြောပြချက်အရ ကိုဝင်းနိုင်အတွက် ဆေးကုသ စရိတ် ခန့်မှန်း ထိုင်းဘတ်ငွေ ၅ သိန်း (မြန်မာငွေ သိန်း ၄၀၀ ကျော် ) ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

သူ့ရဲ့မိသားစုဝင်တွေအနေနဲ့ ငွေကြေးအခက်အခဲကြုံတွေ့နေရတာကြောင့် ပရဟိတ အဖွဲ့တွေနဲ့ အလှူရှင်တွေ ဝိုင်းဝန်ကူညီပေးကြဖို့ မေတ္တာရပ်ခံပန်ကြားထားပါတယ်။

လူနာ​၏ အစ်ကို ကိုလွင်ဦး ထိုင်းဖုန်း ( 09-94171318 ) သို့ဆက်သွယ်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up