close

အယုဒ္ဓယတွင် မြန်မာလုပ်သား ၁၃၄ ဦးကို ထိုင်းပွဲစားက အလုပ်ရှာပေးမည်ဆိုကာ ဘတ်ငွေ ၂ သိန်းကျော် လိမ်သွား

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယမြို့မှာ မြန်မာလုပ်သား ၁၃၄ ဦးကို အလုပ်သွင်းပေးမယ်ဆိုပြီး ပွဲစား ထိုင်းအမျိုးသမီးတယောက်က ဝန်ဆောင်ခ ဘတ်ငွေ စုစုပေါင်း ၂ သိန်းဖိုးလောက် လိမ်ယူသွားခဲ့တယ်လို့  AAC အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။ 

အလုပ်လက်မဲ့ဖြစ်နေသူတွေနဲ့ လက်ရှိအလုပ်မှာအဆင်မပြေလို့ အလုပ်သစ်ရှာဖွေနေတဲ့ အလုပ်သမားတွေကို အဆိုပါအမျိုးသမီးက မက်ခရိုကုန်တိုက်မှာ အလုပ်သွင်းပေးမယ်ဆိုပြီး  အလုပ်လျှောက်ထားခ၊ အလုပ်ရှင်အပြောင်းအရွှေ့စာရွက်စာတမ်းကြေးစသဖြင့် ၁ ဦးလျှင် ဘတ် ၅၀၀၀ မှ ၇၀၀၀ ထိ ကောက်ခံထားတာပါ။

ဒါပေမဲ့ အချိန် ၁ လကျော် ၂ လကြာသည်ထိ အလုပ်မသွင်းပေးတာကြောင့် အဲဒီကိစ္စဖြေရှင်းပေးဖို့ အလုပ်သမားတွေက တိုင်ကြားလာတာလို့ AAC အလုပ်သမား ကူညီစောင့်ရှောက်ရေးတာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေက တိုင်တန်းလာတော့ မနေ့ကပဲ ကျနော်တို့အဖွဲ့နဲ့ အလိမ်ခံရတဲ့အလုပ်သ မားတွေ၊ ငွေယူထားတဲ့ အဲဒီထိုင်းမ‌ရော ကြားထဲကဆက်သွယ်ပေးတဲ့ပွဲစားတွေပါ အယုဒ္ဓယက လူရှင်းတဲ့ပန်းခြံတစ်ခုမှာချိန်းလိုက်တယ်။ တချိန်တည်းမှာဘဲ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနဲ့ တာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းကြားလိုက်ပါတယ်။ အဲဒီလို ပြောဆိုနေတုန်းမှာဘဲ အဲဒီပွဲစားထိုင်းမက ကားနဲ့ ထွက်ပြေးသွားတယ်ခင်ဗျ။ ကျနော်တို့အဖွဲ့က ရဲတွေလည်း မဟုတ်တော့ လိုက်ဖမ်းလို့ မရဘူး။ ဆက်သွယ်ပေးတဲ့ မြန်မာပွဲစားလေးတွေကတော့ နာမည်ပျက်မှာစိုးလို့ သူတို့ငွေတွေစုပြီး အလုပ်သမားတွေကို ပြန်ဆပ်ပေးခဲ့ပါတယ်။”

မြန်မာပွဲစားတွေကနေ ဘတ်ငွေ ၂၀၀,၀၀၀ ကျော်ပြန်ရခဲ့ပေမဲ့လည်း အဓိက တာဝန်ရှိသူဟာ ထိုင်းပွဲစားမ ဖြစ်တဲ့အတွက် သူ့ကိုအရေးယူပေးဖို့ ခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက် ရေးရုံးကို သွားတိုင်ထားတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up