close

မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဝန်ထမ်းအင်အား ၁၀,၀၀၀ လျှော့ချမည်

အမေရိကန် ဆော့ဖ်ဝဲလ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ်ဟာ အလုပ်အကိုင်ပေါင်း ၁၀,၀၀၀ ကို လျှော့ချဖို့ရှိပြီး  ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ပြန်ကာမိမယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

CLOUD ကွန်ပျူတာနည်းပညာဝန်ဆောင်မှု သုံးစွဲသူတွေဟာ သူတို့ရဲ့အသုံးစရိတ်ကို ပြန်စိစစ်ပြီး  ကုမ္ပဏီကလည်း စီးပွားရေးကျဆင်းနိုင်ခြေ အလားအလာအတွက် စီစဉ်ပြင်ဆင်နေရတာကြောင့်လို့ ဆိုပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ လုပ်သားအင်အား ၅ ရာခိုင်နှုန်းအောက်ထိခိုက်မှုရှိမယ့် ရာထူးရပ်စဲတာတွေကို ဗုဒ္ဓဟူးနေ့မှာ စတင်အကြောင်းကြားမှာဖြစ်ပြီး မတ်လကုန်မှာ အပြီးလုပ်ဆောင်သွားမယ်လို့ စီအီးအို စက်ယာနဒဲလ်လာက ပြောပါတယ်။

ဒါပေမဲ့ မိုက်ခရိုဆော့ဖ်ဟာ ဗျူဟာမြောက်တဲ့ နယ်ပယ်တွေမှာ အလုပ်တွေကို ဆက်ခန့်သွားမယ်လို့ သူကဆိုပါတယ်။ AI နည်းပညာဟာလည်း အဲဒီနယ်ပယ်ထဲမှာ ပါဝင်ပုံရကြောင်း ရိုက်တာမှာ ဖော်ပြပါတယ်။

မိုက်ခရိုဆော့ဖ်ဟာ ဒေတာကို ရိုးရိုးရှင်းရှင်း ခွဲခြမ်းစိတ်ဖြာလုပ်ဆောင်နိုင်တဲ့ လက်ရှိ AI ဉာဏ်ရည်တုထက် ပိုဆန်းသစ်တဲ့ အကြောင်းအရာကို ဖန်တီးနိုင်တဲ့ မျိုးဆက်ဉာဏ်ရည်တု Generative AI အပိုင်းမှာ အသုံးစရိတ်ကို ပိုမြှင့်တင်ဖို့ စီစဉ်နေချိန်မှာ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ စီအီးအို နဒဲလ်လာဟာ အခုသီတင်းပတ်မှာ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ စုဝေးနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို AI အကြောင်း အမွှမ်းတင်ခဲ့ပြီး နည်းပညာဟာ သူ့ရဲ့ထုတ်ကုန်တွေကို ပြောင်းလဲစေကာ ကမ္ဘာတဝန်းရှိ လူတွေကို ထိတွေ့စေနိုင်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်ဟာ AI သုတေသနနဲ့ အသုံးချရေး ကုမ္ပဏီတခုဖြစ်တဲ့ OpenAI မှာ ဒေါ်လာ ၁ ဘီလီယံ ရှယ်ယာထည့်ဝင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လူသားအေးဂျင့်တဦးနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောခြင်းထက် အွန်လိုင်းကနေ စာသား သို့မဟုတ် အသံနဲ့ စကားပြောဆိုတဲ့ ဆော့ဖ်ဝဲ အက်ပလီကေးရှင်းတခုဖြစ်တဲ့ ChatGPT ကို သူ့ရဲ့ Cloud ဝန်ဆောင်မှုမှတဆင့် မကြာခင်မှာ ဈေးကွက်တင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဖောက်သည်တွေဟာ ဒစ်ဂျစ်တယ်အသုံးစရိတ် ခပ်နည်းနည်းနဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်အောင် လုပ်ချင်ကြကြောင်းနဲ့ ကမ္ဘာ့နိုင်ငံတချို့မှာ ဆုတ်ယုတ်ကျဆင်းနေပြီး တခြားအပိုင်းတွေကလည်း တခုတည်းကို မျှော်လင့်နေတာကြောင့် သတိထားစေချင်တယ်လို့ သူကပြောပါတယ်။

တချိန်တည်းမှာပဲ AI မှာ တိုးတက်မှုတွေနဲ့အတူ နောက်ထပ် ကွန်ပြူတာလှိုင်းကြီးတခု မွေးဖွားလာပြီလို့လည်း စီအီးအို နဒဲလ်လာက ပြောပါတယ်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ မနှစ်ကလည်း  အလုပ်လျှော့ချမှုတွေရှိခဲ့ပြီး နည်းပညာလုပ်ငန်းနယ်ပယ်တဝန်းမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ပိုတိုးလာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up