close

နက်ဖလစ်ကုမ္ပဏီ စီအီးအို ရာထူးမှနုတ်ထွက်မည်

နက်ဖလစ်ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ ရိဒ်တ်ဟေးစတင်းဟာ အမှုဆောင်အရာရှိချုပ် (စီအီးအို) ရာထူးတာဝန်ကနေ နုတ်ထွက်တော့မှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၉ ရက်က ပြောပါတယ်။

အွန်လိုင်းဖျော်ဖြေရေး ထုတ်လွှင့်မှုတွေရဲ့ ဦးစီးဦးဆောင်နေရာတွေကိုတော့ သက်တမ်းရှည် လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ တွဲဘက်စီအီးအို တဒ်စရန်းဒို့စ်နဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် ဂရက်ဂ် ပီတာ့စ် တို့ကို လွှဲပြောင်းပေးခဲ့မှာ ဖြစ်ပါတယ်။

စရန်းဒို့စ်နဲ့ ပီတာ့စ်ကတော့ အမှုဆောင်အရာရှိချုပ်နေရာကို ပူးတွဲရယူမှာဖြစ်ပြီး ဟေးစတင်းက အမှုဆောင်ဥက္ကဋ္ဌ နေရာမှာ ဆက်ရှိနေဦးမှာပါ။

ဒီအပြောင်းအလဲဟာ ချက်ချင်းအသက်ဝင်မှာဖြစ်ပြီး ဘုတ်အဖွဲ့ရဲ့ ဆယ်နှစ်တာအတွင်း ရာထူးဆက်ခံမှုဆိုင်ရာ စီမံကိန်း အထွတ်အထိပ်ကို ရောက်ရှိသွားတာဖြစ်ပါတယ်။

ပီတာ့စ်နဲ့ စရန်းဒက်စ် နှစ်ဦးစလုံးဟာ ကုမ္ပဏီအတွက် စိန်ခေါ်မှုတွေ ကြုံနေရချိန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ရာထူးတိုးခဲ့ကြတာပါ။

နက်ဖလစ်ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ အခကြေးငွေနဲ့ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ဟာ မျှော်မှန်းထားတာထက် ပိုရခဲ့တယ်လို့ ပြောပါတယ်။

မနှစ်က ၃၈ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တဲ့ ကုမ္ပဏီရှယ်ယာတွေဟာ နာရီပိုင်းအတွင်း အရောင်းအဝယ် ဖြစ်မှုမှာ ရှယ်ယာတန်ဖိုး ၆ ဒသမ ၁ ရာခိုင်နှုန်း တက်သွားပြီး ၃၃၅ ဒသမ ၀၅ ဒေါ်လာ ဖြစ်သွားပါတယ်။

နက်ဖလစ်ဟာ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်မှာ ဖောက်သည်တွေကို ဆုံးရှုံးခဲ့ရပြီးနောက် ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

နက်ဖလစ်ဟာ စတုတ္ထ ၃ လပတ်မှာ စာရင်းသွင်းသူအရေအတွက် ၇ ဒသမ ၆၆ သန်းကို ထပ်ပေါင်းထည့်ထားပြီး ရုပ်သံကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ရမှုမှာလည်း “Harry & Megan” မှတ်တမ်းရုပ်ရှင်နဲ့ “Wednesday” အမည်ရှိ ဇာတ်လမ်းတွဲတွေရဲ့ အကူအညီကြောင့် ဝေါ်လ်စထရိစ်တ်က ခန့်မှန်းချက် ၄ ဒသမ ၅၇ သန်း အရေအတွက်ကို ကျော်တက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up