ပါကစ္စတန်တွင် လူစီးရထား ဗုံးပေါက်သဖြင့် ၁၅ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း၊ ဘာလိုချီစတန်ပြည်နယ်မှာ ဇန်နဝါရီ ၂၀ ရက်က ခရီးသည်တင် ရထားတစ်စီး ဗုံးပေါက်ကွဲမှုကြောင်း လမ်းချော်သွားရာက အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရအရာရှိ တဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေသတွင်း ခွဲထွက်ရေးအဖွဲ့ဖြစ်တဲ့ ဘာလို့ချ်လွတ်မြောက်ရေးတပ်မတော်က သူတို့လက်ချက်လို့ တာဝန်ခံ ပြောကြားထားပြီး တိုက်ခိုက်မှုကြောင့် ရထားစက်ခေါင်း အပါအဝင် ရထားတွဲ ၈ တွဲ လမ်းချော်တိမ်းမှောက်သွားကြောင်း လက်ထောက်ကော်မရှင်နာ ဘိုလန် အဂ်ဟာ ဆမြူလာက ရိုက်တာကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ တောင်ထူထပ်တဲ့နယ်မြေမှာဖြစ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း သူကပြောပါတယ်။
ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) က ဖော်ပြထားတာကတော့ ပါကစ္စတန်နိုင်ငံရဲ့ နယ်မြေအကြီးဆုံးဖြစ်ပေမယ့် လူဦးရေအနည်းဆုံးဖြစ်တဲ့ မိုးနည်းပါးတဲ့ တောင်တန်းဒေသ ဘာလိုချီစတန်အတွက် ပြီးပြည့်စုံသော လွတ်လပ်ရေးကို ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခွဲထွက်ရေးစစ်သွေးကြွတွေဟာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေကို အဓိက အာရုံစိုက်ကြတာ ဖြစ်ပြီး ဒေသတွင်းမှာ ပေကျင်းရဲ့စီးပွားရေးခြေလှမ်းတွေ တိုးလာတာကြောင့် သူတို့ဟာ တရုတ် အကျိုးစီးပွားတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ကြပါတယ်။
ဘာလိုချီစတန်ပြည်နယ်ရှိ တရုတ်ရဲ့ အဓိက ပရောဂျက်တွေထဲမှာ အာရေဗျပင်လယ်ထဲရှိ အရေးပါတဲ့ ရေနံစိမ်းသင်္ဘော လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားအနီးရှိ ဂွါဒါ ဆိပ်ကမ်း ဖြစ်ပါတယ်။