close

တကောင်းနှင့်နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ၄ မိုင် အခင်းတောစုနားမှာ နယ်မြေ ရှင်းလင်းပြီး ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(တကောင်း) က ပြောပါတယ်။

တကောင်းမြို့ အရှေ့ဘက်၊ ပီလောပြစ်အခင်းတောမှာ စခန်းချပြီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပကဖ (တကောင်း) တပ်ဖွဲ့ဝင်တဦးက "နှစ်စီး မြောက်နဲ့ နောက်ဆုံး အစီးကို ဆွဲတာ။ ပထမဆုံးတစီးကို လွှတ်လိုက်တာ၊ သုံးစီးပဲ"လို့ ပြောပါတယ်။

မိုင်းဆွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ကားနဲ့ ငါးခေါက်က်လောက် သယ်ယူရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲခံရပြီးတဲ့နောက် တကောင်းမြို့တွင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေ ရောက်လာပြီ အဲဒီနေရာတဝိုက် စခန်းချကာ နယ်မြေရှင်းလင်း ပစ်ခတ်ခဲ့တာကြောင့် ၃ မိုင်သစ်ခွဲစက် လိုင်းခန်းမှာ နေထိုင်သူ ၃ ဦးကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် တယောက်မှာ ရင်ဘက်ကျည်ထိမှန်ခဲ့ပြီး တယောက်ကတော့ လက်မောင်းကျည်နဲ့ တယောက်ကတော့ ခြေထောက်မှာ ကျည်ထိမှန်ခဲ့ပြီး တကောင်းဆေးရုံကို ပို့ထားတယ်လို့ ဆက်လက်သိရပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းမှ ဘဗက်တောကျေးရွာဘက်ကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း တို့ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကြပ်ကြီး ၁ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၂၀ ရက်  မနက် ၁၁ ခွဲဝန်းကျင်က ဝက်လူးကျေးရွာအနောက်ဘက်က ဗဘက်တော ကျေးရွာနားမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မိတ္ထီလာ (၄)တပ်မှ စစ်ကောင်စီတပ်ကြပ်ကြီး ၁ ယောက် သေဆုံးကာ MA 3 သေနတ် ၁ လက်၊ ကျည် ၁၉ တောင့်၊ ကျည်ကာ ၁ ခု နဲ့ ကျည်ဘောက် ၁ ခု သိမ်းဆည်းရမိတယ်လို့  NPDF -မြင်းခြံခရိုင် တပ်ရင်း ၄ မှတာဝန်ရှိသူက ပြောပါတယ်။ 

အဲဒီနေ့ နေလယ် ၁ နာရီလောက်မှာပဲ တိုက်ပွဲဖြစ်ပွားရာ နေရာမှာ အလောင်းကောက်ရင်း စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး - ဝက်လူး လမ်းမကြီးပေါ် ရှိ သဲခြပ်ရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို  ညနေ ၄ နာရီအချိန်မှာလည်း မိုင်းကွင်းထဲကို ဝင်ရောက်လာတဲ့ စစ်ကောင် စီတပ်ဖွဲ့ကို ထန်းဇင်ကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာကြောင့် ထိခိုက် သေဆုံးမှု များနိုင်တယ်လို့ ဆိုပါတယ်။ 

NPDF - မြင်းခြံခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူက "ထိပ်တိုက်တွေ့ကြတာ။ သေဆုံးသွားတဲ့ တပ်ကြပ်ကြီးက မိတ္ထီလာ ၄ တပ်ကပါ။ သူကိုင်ထားတဲ့ MA 3 သေနတ် နဲ့ ကျည်တချို့ရယ်၊ ကျည်ကာ တခုရယ် သိမ်းဆည်းရမိပါတယ်။ သူ့အလောင်းကို ကား ၄ စီး နဲ့ လာကောက်သွားတယ်။ အလောင်းကောက်ပြီး နောက်တခေါက် ကျနော်တို့ မိုင်းကွင်းထဲကို ပြန်ဝင်လာလို့ မိုင်းထပ် ဆွဲခဲ့တာ။ ဒေသခံတွေ ပြောပြချက်အရ ထိခိုက်သေဆုံးမှုတော်တော်များတယ်” လို့ ပြောပါတယ်။ 

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီး Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း မှ PDF ခေါင်းတောင် ကိုစိုးအောင်ကို ဖမ်းဆီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up