ဆွီဒင်ကောင်စစ်ဝန်ရုံးရှေ့တွင် တူရကီနိုင်ငံသားများ ဆန္ဒပြ

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်ရှိ ဆွီဒင်ကောင်စစ်ဝန်ရုံးရှေ့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဇန်နဝါရီ ၂၁ ရက်က စုစည်းခဲ့ကြပြီး ဆွီဒင်နိုင်ငံအလံကို မီးတင်ရှို့ ဆန္ဒပြခဲ့ကြပါတယ်။
ကောင်စစ်ဝန်ရုံးအနီးတဝိုက်မှာ လုံခြုံရေးယူထားတဲ့ အဓိကရုဏ်းထိန်းရဲတပ်ဖွဲ့က ရုံးဝင်ပေါက်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ဆန္ဒပြသူတွေကို တားဆီးခဲ့ပါတယ်။
အန်ကာမြို့က တခြားဆန္ဒပြပွဲတခုမှာလည်း လူအုပ်ကြီးတစုက ဆွီဒင်သံရုံးရှေ့ စုစည်းခဲ့ကြသလို “အစ္စလာမ်ဘာသာအပေါ် စိုးရွံ့ကြောက်စိတ်လွန်ကဲမှု ရပ်တန့်ဖို့ ပြောကြပါ” ဆိုတဲ့ စာတန်းနဲ့အတူ အမည်းရောင် လွမ်းသူ့ပန်းခွေတခုကို သံရုံးအဆောက်အအုံရှေ့မှာ ထားရှိခဲ့ပါတယ်။
စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ထဲကို ဆွီဒင်က ဝင်ချင်တဲ့ အဆိုပြုကမ်းလှမ်းမှု အပါအဝင် တူရကီနိုင်ငံကိုပါ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဆွီဒင်မြို့တော် စတော့ဟုမ်းက ဆန္ဒပြပွဲတွေမှာ ကိုရန်ကျမ်းပုံတူစာအုပ်ကို မီးရှို့ခဲ့တာကြောင့် တူရကီဆန္ဒပြသူတွေဘက်ကလည်း အခုလို တုံ့ပြန်ခဲ့ကြတာပါ။
ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ကို ဝင်ရောက်နိုင်ဖို့ တူရကီရဲ့ထောက်ခံမှု လိုအပ်နေချိန်မှာပဲ နှစ်နိုင်ငံကြား တင်းမာမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။