ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲ တာဝန်မှအနားယူ

ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲ ကရေးလိုး တီမိုရှန်ကိုဟာ သူ့တာဝန်တွေကနေ အနားယူခွင့်ပြုဖို့ ဇန်နဝါရီ ၂၄ ရက်က သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
“ယုံကြည်မှုနဲ့ နေ့တိုင်း မိနစ်တိုင်း ကုသိုလ်ပြုခွင့်ရတဲ့အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ကျေးဇူးတင်ပါတယ်”လို့ တီမိုရှန်ကိုက တယ်လီဂရမ်ပေါ်မှာ ရေးခဲ့တာပါ။ နုတ်ထွက်ဖို့ အကြောင်းပြချက်ကိုတော့ သူက မပေးခဲ့ပါဘူး။
တီမိုရှန်ကိုဟာ ဇလန်းစကီးရဲ့ အမှုထမ်းတွေ လှုပ်ရှားဆောင်ရွက်ရာမှာ ပါဝင်တယ်လို့ ယူကရိန်းမီဒီယာက ဖော်ပြခဲ့ပါတယ်။
တီမိုရှန်ကို နုတ်ထွက်တာကို လက်ခံတဲ့အမိန့်ကို သမ္မတရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားကျူးကျော်မှုအတွင်း တနှစ်နီးပါး အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲခံရပြီးတဲ့နောက် အစိုးရအဖွဲ့ဝင်တွေ၊ ဒေသတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေထဲမှာ ဝန်ထမ်းအပြောင်းအလဲတွေကို ခုသီတင်းပတ်ထဲမှာ ကြေညာမယ်လို့ ဇလန်းစကီးက တနင်္လာနေ့မှာ ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် တီမိုရှန်ကိုဟာ ၂၀၁၉ ခုနှစ်ကတည်းက သမ္မတရုံးရဲ့ လက်ထောက်အကြီးအကဲ ဖြစ်ခဲ့ပြီး ဒေသတွေနဲ့ ဒေသဆိုင်ရာမူဝါဒတွေကို ကြီးကြပ်ခဲ့ပါတယ်။
သူဟာ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဇလန်းစကီးနဲ့လည်း လက်တွဲလုပ်ဆောင်ခဲ့ပြီး မီဒီယာနဲ့ ဖန်တီးမှုဆိုင်ရာ အကြောင်းအရာတွေကို ကြီးကြပ်ခဲ့ပါတယ်။
ယူကရိန်းမီဒီယာတွေရဲ့ အဆိုအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်မှု စတင်ကတည်းက တီမိုရှန်ကိုဟာ တန်ဖိုးကြီးကားတွေသုံးတာနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံ များစွာမှာ ပါဝင်ပတ်သက်နေခဲ့တာပါ။ တီမိုရှန်ကိုကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။