စပိန်တွင် အစိုးရရုံးများနှင့် သံရုံးများကို ပါဆယ်ဗုံးပေးပို့သူ ဖမ်းဆီးခံရ

စပိန်ဝန်ကြီးချုပ်ရုံးနဲ့ ယူကရိန်းနဲ့ အမေရိကန်သံရုံးတွေ အပါအဝင် ပစ်မှတ်တွေကို မနှစ်က နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ပါဆယ်ဗုံးတွေ ပေးပို့ခဲ့တယ်လို့ သံသယရှိသူ အသက် ၇၄ နှစ်အရွယ် အမျိုးသားတဦးကို စပိန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအမျိုးသားကို နိုင်ငံမြောက်ပိုင်းရှိ မီရန်ဒါ ဒလ် အက်ဘရို မြို့မှာ ထိန်းသိမ်းထားပြီး ရဲတွေက သူ့ရဲ့နေအိမ်ကို ရှာဖွေခဲ့ပါတယ်။
သံသယရှိသူဟာ P.G.P လို့ အတိုကောက် လက်မှတ်ထိုးတတ်တဲ့ အငြိမ်းစား စပိန်နိုင်ငံသား ဖြစ်ပြီး သူဟာ နည်းပညာကျွမ်းကျင်ပြီးတော့ လူမှုကွန်ရက်တွေမှာ သိပ်ကို တက်ကြွတဲ့သူဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ ၂၀၁၃ ခုနှစ်မှာ အငြိမ်းစားမယူခင်က ဗစ်တိုးရီးယား ဂရ်စတေ့ဇ်မြို့တော်ရှိ ဗာ့စ်ကာ မြို့တော်ခန်းမမှာ အလုပ်လုပ်ခဲ့ဖူးကြောင်း မြို့တော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဖောက်ခွဲရေးပစ္စည်းတွေပါရှိတဲ့ ပါဆယ်ထုပ် ၆ ခုကို သံရုံး ၂ ခုနဲ့ ဝန်ကြီးချုပ် ပေဒရို ဆန်ချက်ရဲ့ ရုံးခန်းအပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ လေတပ်အခြေစိုက်စခန်းနဲ့ လက်နက်ထုတ်လုပ်ရေးဌာနတွေဆီ လိပ်မူပြီး ပေးပို့ခဲ့တာပါ။
ပါဆယ်ထုပ် ၆ ခုစလုံးကို ဘူးရ်ဂါ့စ်မြို့ကနေ ပေးပို့ခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
သံသယရှိသူကို တရားရုံးချုပ်မှာ သောကြာနေ့ ရုံးထုတ်မှာဖြစ်ကြောင်း တရားရုံး သတင်းရင်းမြစ်တခုက ပြောပါတယ်။
စပိန်နိုင်ငံမှာ သံရုံးတွေနဲ့ ထိပ်တန်းအရာရှိတွေကို ပစ်မှတ်ထားပြီး စာအိတ်ဗုံး တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာပါ။
အဖမ်းခံထားရသူဟာ ဖောက်ခွဲရေးပစ္စည်းတွေကို သူကိုယ်တိုင်ဖန်တီးပြီး ပေးပို့တယ်လို့ ယူဆရပေမဲ့လည်း ဒီဖြစ်ရပ်တွေမှာ တခြားသူတွေရဲ့ ပါဝင်မှု သို့မဟုတ် ဩဇာလွှမ်းမိုးမှုတွေ ရှိမရှိကို ရဲတပ်ဖွဲ့က မဆုံးဖြတ်ထားဘူးလို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်မှာ ရုရှားအုပ်စု ရှိနိုင်တယ်ဆိုတဲ့ အစီရင်ခံချက်တွေအပေါ် ပြည်ထဲရေးဝန်ကြီး ဖှရ်နန်ဒို ဂရန်ဒေ မာလာစ်ကာ က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဖြစ်နိုင်ခြေအားလုံးကို လုပ်ဆောင်နေကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုက အရမ်းအဆင့်မြင့်ပြီး တကယ်ကို စိတ်ကျေနပ်စရာပါလို့ ဂရန်ဒေ မာလာစ်ကာက ဗစ်တိုးရီးယားမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။