အစ္စရေးနှင့် ပါလက်စတိုင်း လုံခြုံရေးညှိနှိုင်းဆောင်ရွက်မှု ရပ်ဆိုင်း

အစ္စရေးစစ်တပ်ဟာ ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားတတ်တဲ့ ဂျနင်မြို့ကို ဇန်နဝါရီ ၂၆ ရက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက်မှာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေးနဲ့ လုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ပါလက်စတိုင်း ပြည်သူတွေအပေါ် ထပ်ခါတလဲလဲ ရန်စမှုတွေနဲ့ လုံခြုံရေးကိစ္စ အပါအဝင် ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေ ပျက်ပြားသွားခြင်းကြောင့် အစ္စရေး သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အခုချိန်ထိ လုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှုတွေ မရှိတော့ဘူးလို့ ယူဆပါတယ်”လို့ အက်ဘာ့စ်ရဲ့ အကြီးတန်းအကြံပေး နာဘီလ် အဘူ ရူဒေးနာက ပြောပါတယ်။
အစ္စရေးနဲ့ လုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှုကို အနောက်ဘက်ကမ်းမှာ ဥပဒေစိုးမိုးဖို့ ကူညီပေးတာဖြစ်ကြောင်းနဲ့ အစ္စရေးတို့အပေါ် တိုက်ခိုက်မှုတွေကို တားဆီးခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုထားကြတာပါ။
အစောပိုင်းမှာ အစ္စရေးကွန်မန်ဒိုတွေဟာ ဂျနင်ကို ဝင်ရောက်စီးနင်းမှုအတွင်း သေနတ်သမား ၇ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအရာရှိတွေက ပြောကြားခဲ့ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲတွေအတွင်း တကြိမ်တည်းမှာ လူသေဆုံးမှုအများဆုံး ဖြစ်ပွားပြီးတော့ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူဟာ ကဏ္ဍအသီးသီးရှိ အခြေအနေ အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားပေမဲ့ အစ္စရေးဟာ အခြေအနေကို အရှိန်မြှင့်အောင် မလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ အာရပ်ဖျန်ဖြေသူတွေကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြင်းထန်လာတဲ့ အနောက်ဘက်ကမ်းဒေသတွေအကြားမှာ ဂျနင်က ပဋိပက္ခတွေကို အခြေအနေ ကြိုးစားထိန်းသိမ်းထားဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမယ့်သီတင်းပတ်မှာ အီဂျစ်၊ အစ္စရေးနဲ့ အနောက်ဘက်ကမ်းကို သွားရောက်ပြီး အခြေအနေတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။