close

အောင်ခြင်းရှစ်ပါးနှင့် ဓဇဂ္ဂသုတ်ရွတ်ကြရန် စစ်ကောင်စီက ဖိအားပေးစေခိုင်းနေ

တနင်္သာရီတိုင်း၊ ခရိုင်နဲ့ မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ မီးသတ်ရုံးတွေမှာ အပြင်အောင်ခြင်းရှစ်ပါးနဲ့ ဓဇဂ္ဂသုတ်တို့ကို စစ်ကောင်စီက ဓမ္မစကြာအဖွဲ့ကိုခေါ်ယူပြီး နေ့ရာညပါ ရွတ်ရမယ်လို့ ဖိအားပေး လုပ်ဆောင်နေတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။

အခုလိုရွတ်ဆိုခိုင်းတာဟာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရဖြစ်ပြီး အပြင်အောင်ခြင်းရှစ်ပါးနဲ့ ဓဇဂ္ဂသုတ်တို့ကို ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး ပုံမှန်ရွတ်ဖတ်နေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“၂၅ ရက်နေ့ကနေ ဒီနေ့မနက်မှာ ပြီးတယ်ဆိုတော့ ၂ ရက်ပဲရွတ်ရတယ်။ ရန်ကုန်မှာ အောင်ခြင်းရှစ်ပါး ဘုရားတည်လို့ ဒီအတွက် အောင်ခြင်းရှစ်ပါးဂါထာကို ၃ ခေါက်စီ ရွတ်ဆိုခိုင်းတယ်” လို့ ဝတ်ရွတ်အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

မြို့ခံတဦးကလည်း “၂၀၂၃ ထဲ သူတို့ အခြေအနေမဟန်တာကို မျက်ခုံးလှုပ်လာလို့ ဘုရားတရား အားကိုးလာတာဖြစ်မယ်။ စကစက သူတို့ကပဲ ဘုရားတရားကို သိပ်သိတတ်နေသလိုမျိုး အယောင်ပြပြီး တဖက်က တော်လှန်ရေးသမားတွေကို ဘုရားမဲ့ တရားမဲ့ အကြမ်းဖက်သမားတွေလို ထင်မှတ်လာအောင် ပုံဖော်လေ့ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ပွဲတွေဖြစ်၊ လူတွေသေကျေ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေတာတွေကို မေ့သွားအောင် တရားပွဲတွေနဲ့ စည်ကားနေသလိုမျိုး ဖန်တီးလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီဟာ နိုင်ငံတဝန်း စေတီဘုရားတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေကို သန့်ရှင်းရေးလုပ် တမြက်စည်းလှည်းခိုင်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up