close

လွိုင်ကော်တွင် စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲ၊ ပြည်သူများ ဗုံးခိုကျင်းတူးထားကြရန် KNDF တိုက်တွန်း (ရုပ်သံ)

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်က စတင်ကာ ၃ ရက်ဆက်တိုက် တိုက်လေယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လေယာဥ်ပျံဝဲလာချိန် ဦးတည်ရာမဲ့ ထွက်ပြေးတာမျိုးတွေ၊ ထွက်ကြည့်တာမျိုးတွေ မပြုလုပ်ကြဖို့၊ ဗီဒီယို၊ ဓာတ်ပုံ ထွက်ရိုက်တာမျိုးတွေ မပြုလုပ်ကြဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ နေရာတွေမှာ လူအများ စုဝေးနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း ပြောထားပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးဂျက်လေယာဥ် တွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ည ၁၂ နာရီမှာ ဗုံးသီး ၂ လုံး၊ ၂၃ ရက် ည ၁၂ နာရီမှာ ၂ ကြိမ်၊ ၂၄ ရက် ညနေ ၅ နာရီကျော်လောက်မှာ ဗုံးသီး ၅ လုံးနဲ့ အတွဲလိုက်ပစ်ခတ်မှု ၃ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်မှုတွေတော့ မရှိခဲ့ဘဲ ပြည်သူလူထု နေထိုင်ရာ အနီးဝန်းကျင်ကိုသာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အဲဒီလို အကြောင်းမဲ့ လေကြောင်းကနေ ပစ်ခက်တိုက်ခိုက်တာတွေကို ထပ်မံပြုလုပ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေသလို နေ့စဥ်နီးပါး တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေ ပျံဝဲတာ၊ ဒရုန်းနဲ့ ကင်းထောက်တာ၊ ကင်းထောက်လေယာဥ်တွေ ပျံဝဲတာတွေနဲ့ စစ်ဘက်သုံးရဟတ်ယာဥ်တွေနဲ့ ပျံသန်းသွားလာတာတွေကို နေ့စဥ်ပြုလုပ်နေတယ်လို့ KNDF က ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းကတည်းက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ၂၀၂၂ နှစ်ကုန်အထိ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ နိုင်ငံတဝန်း နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ သိရပါ တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up