close

ဆိပ်ဖြူတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ရေစကြိုတွင် ပြည်သူ ၄ ဦးကို စစ်တပ် ဖမ်းဆီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အရာရှိတယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူ ဘာမထီ-PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဖလံမရွာနားကို မနေ့မနက် ၁၁ နာရီလောက်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ကို ချောက် ပ.က.ဖ-ပြူးကြီးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကိုပိုင်က ပြောပါတယ်။

“ကားလေးနဲ့ ၇ ယောက်လောက် ရွာပြင်မှာချထားခဲ့ပြီး မိုင်းကွင်းထဲကို ရောက်ချလာလို့ ထိုင်ခုံထဲမှာ ထည့်ထားတဲ့ မိုင်းအကြီး ၃ လုံးကို ဖောက်ခွဲတိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်က ၃ ပွင့်အဆင့်ရှိတဲ့ ဗိုလ်ကြီးတယောက်၊ တပ်ကြပ်ကြီးတယောက် အပါအဝင် ၅ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာ ရရှိခဲ့တယ်။ အဲဒီတိုက်ခိုက်ခံရတဲ့ နေရာကို လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်ပြီး စစ်ကူလိုက်လာတဲ့ ကား ၂ စီးက အလောင်းတွေနဲ့ လူနာတွေကို လာသယ်သွားပြီး အပြန်မှာလည်း ထောင်ထားတဲ့ တိုက်မိုင်းမိသွားလို့ ဒဏ်ရာရသူတချို့ရှိတယ်။”

အဲဒီတိုက်ခိုက်မှုဟာ ဇန်နဝါရီ ၂ ရက်မှာ ကျဆုံးခဲ့ရတဲ့ ဘာမထီ-PDF ရဲ့တပ်ရင်းမှူး ဘာမထီ အပါအဝင် ရဲဘော် ၈ ယောက်အတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ခရီးသွား ၄ ယောက်ကို PDF နဲ့ ဆက်စပ်သူလို့ဆိုပြီး စစ်အုပ်စုတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ဇီးတောရွာနားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး မနေ့ ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီလောက်မှာ ရေစကြိုမြို့ဘက်ကနေ ထွက်လာတဲ့ ကားတစီးကို စစ်ဆေးကာ ကားပေါ်မှာပါတဲ့ ယာဥ်မောင်း ကိုနီအောင်လတ်၊ ဒေါ်သောင်းသောင်းမြင့်၊ ဒေါ်စောလှနွယ်နဲ့ ဒေါ်ဝေဝေဦးတို့ကို PDF နဲ့ ဆက်စပ်တယ်လို့ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ယာဥ်မောင်း အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက်ကိုတော့ ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး သူတို့စီးလာတဲ့ကားနဲ့ လက်ကိုင်ဖုန်းတွေကိုပါ သိမ်းဆည်းသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီဇီးတောကျေးရွာဟာ ပျူစောထီးရွာဖြစ်ပြီး တော်လှန်ရေးကာလ စကတည်းက စစ်ကောင်စီတပ်သား အင်အား ၄၀ လောက် အထိုင်ချတပ်စွဲကာ ခရီးသွားပြည်သူတွေကို စစ်ဆေး ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကလည်း စိတ်ရောဂါ ဝေဒနာရှင်တယောက်ကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Up