ယူကရိန်းစစ်တပ်က ဆေးရုံကို တမင်တိုက်ခိုက်ခဲ့ဟု ရုရှားစွပ်စွဲ

ယူကရိန်းစစ်တပ်က ရုရှားထိန်းချုပ်ထားတဲ့ နိုဗိုအိုက်ဒါမြို့က ဆေးရုံတရုံကို တမင်တကာ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
လူ ၁၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့တဲ့ စစ်ရာဇဝတ်မှုလို့လည်း စွပ်စွဲခဲ့ပြီး ယူကရိန်းဘက်က စွပ်စွဲချက်အပေါ် မတုံ့ပြန်ပါဘူး
ဆေးရုံကို တိုက်ခိုက်မှုကို အမေရိကန်က ထောက်ပံ့ပေးထားတဲ့ HIMARS ဒုံးကျည် ပစ်လွှတ်ရေးစနစ်နဲ့ ပစ်ခတ်ဆောင်ရွက်ခဲ့တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“လူဝင်လူထွက်များတဲ့ အရပ်ဘက် ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို တမင် ပစ်ခတ်တာနဲ့ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာဟာ ယူကရိန်းအစိုးရနဲ့ သူ့ရဲ့ အနောက်တိုင်း သခင်တွေရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်”လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးပြီး မြို့ကြီးတွေ မြို့လေးတွေကို အမြောက်နဲ့ လေကြောင်းကနေ တိုက်ခိုက်နေလို့ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေထဲမှာ စစ်ရာဇဝတ်မှုတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ယူကရိန်းနဲ့ သူ့ရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက စွပ်စွဲထားပါတယ်။ အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ရုရှားက ငြင်းဆိုထားပါတယ်။