close

အီရန် လက်နက်ခဲယမ်းစက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

အီရန်နိုင်ငံအလယ်ပိုင်း၊ အစ်ဖှာဟန်မြို့အနီးရှိ စစ်ဘက်ဆိုင်ရာ စက်ရုံတရုံမှာ ဇန်နဝါရီ ၂၉ ရက်က အမည်မသိ တိုက်ခိုက်ရေးသမားတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ကျယ်လောင်တဲ့ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အီရန်အစိုးရက ပြောပါတယ်။

ပေါက်ကွဲခဲ့တာ ခဲယမ်းစက်ရုံလို့ အီရန်ရဲ့တရားဝင်သတင်းအေဂျင်စီ IRNA က  ဖော်ပြခဲ့ပြီး စက်ရုံပေါက်ကွဲမှုကြောင့် ထိခိုက်မှုနည်းနည်းသာရှိခဲ့ကာ ဒဏ်ရာရ သေဆုံးသူ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပျက်စီးမှု အတိုင်းအတာကို သီးခြား အတည်မပြုနိုင်သေးသလို ပေါက်ကွဲမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ချက်ချင်းလက်ငင်း ထုတ်မပြောသေးပါဘူး။

သူရဲဘောကြောင်တဲ့ဒီတိုက်ခိုက်မှုဟာ အီရန်မှာ မလုံခြုံမှုကို ဖန်တီးဖို့ ရည်ရွယ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမိယာအဗ်ဒူလာဟိန်က ရုပ်သံမိန့်ခွန်းမှာပြောပါတယ်။

“ဒီလိုလုပ်ရပ်တွေက ကျနော်တို့ရဲ့ ငြိမ်းချမ်းတဲ့ နျူးကလီးယားလုပ်ငန်းမှာ တိုးတက်ဖို့ ကျွမ်းကျင်သူတွေရဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။”

ဒေသစံတော်ချိန် စနေနေ့ည ၁၁ နာရီခွဲလောက်မှာ ဝန်ကြီးဌာနရဲ့ အလုပ်ရုံတွေထဲက တခုကို Micro Aerial Vehicles (MAVs) ကိုသုံးပြီး မအောင်မြင်တဲ့ တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံကနေ ကြေညာချက် ထုတ်လွှင့်ခဲ့ပါတယ်။

ဒရုန်းတစီး ပစ်ချခံရပြီး ကျန် နှစ်စီးကတော့ ကာကွယ်ရေး ထောင်ချောက်အတွင်း ပေါက်ကွဲသွားခဲ့တာပါ။ အလုပ်ရုံ အဆောက်အအုံရဲ့ ခေါင်မိုးကတော့ နည်းနည်း ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အီရန်အစိုးရရဲ့ နျူးကလီးယား အစီအစဉ်၊ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်ထောက်ပံ့မှုနဲ့ ပြည်တွင်းမှာ လပေါင်းများစွာကြာအောင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအပေါ် အင်အားသုံး ချေမှုန်းခဲ့တာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ အီရန်အစိုးရ ဆက်ဆံရေး တင်းမာနေပါတယ်။

Up