အမေရိကန်တွင် လူမည်းအမျိုးသား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ရဲဌာနခွဲတခု ပိတ်သိမ်း

အမေရိကန်နိုင်ငံမှာ တိုင်ရာနီကိုးလ်စ် အမည်ရ လူမည်းအမျိုးသား သေတဲ့အထိ ရိုက်နှက်မှုမှာ ပါဝင်ခဲ့ကြတဲ့ မန်းမ်ဖစ် ရဲအရာရှိတွေရဲ့ ရဲတပ်ဖွဲ့ဌာနခွဲတခုကို ဇန်နဝါရီ ၂၈ ရက်က ပိတ်သိမ်းလိုက်ပါပြီ။
ဒီလို ရိုက်နှက်တိုက်ခိုက်မှုအပေါ် မှတ်တမ်းတင်ထားတဲ့ဗီဒီယိုထွက်ရှိလာပြီး တရက်အကြာမှာပဲ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ထဲမှာတော့ ရဲအရာရှိအကြီးအကဲဖြစ်သူဟာ နီကိုးလ်စ်ရဲ့ မိသားစုဝင်တွေ၊ အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တခြားတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့ပြီးနောက် ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ “စကော်ပီယံ” ရဲဌာနကို အပြီးတိုင် ပိတ်ချလိုက်ပြီလို့ ပြောပါတယ်။
ရဲအရာရှိအယောက် ၄၀ ပါဝင်တဲ့ “စကော်ပီယံ” ရဲဌာနခွဲကို အကြမ်းဖက်ရာဇဝတ်မှုတွေအပေါ် ပစ်မှတ်ထား ရှင်းလင်းနိုင်ဖို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းလုပ်ကိုင်ခဲ့တာပါ။
ဒီရိုက်နှက်မှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ခန္ဓာကိုယ်ပေါ်က ကင်မရာဗီဒီယိုမှတ်တမ်းထဲမှာတော့ ဇန်နဝါရီ ၇ ရက်က မီးပွိုင့်မိနေရာကနေ အသက် ၂၉ နှစ်အရွယ် လူမည်းအမျိုးသားဖြစ်သူ နီကိုးလ်စ်ဟာ မိခင်ဖြစ်သူရှိနေတဲ့ အနီးအနားဝန်းကျင်မှာပဲ ရဲအရာရှိတွေရဲ့ ထိုးကြိတ်၊ ကန်ကျောက်မှုအပြင် ရဲလက်ကိုင်တုတ်နဲ့ပါ ရိုက်နှက်ခံနေရတာကြာင့် “အမေ” လို့ အကြိမ်ကြိမ် အော်ဟစ်နေခဲ့တာပါ။
ဒီလိုရိုက်နှက်ခံခဲ့ရတဲ့ နီကိုးလ်စ်ဟာ ဆေးရုံတင်ပြီး ၃ ရက်အကြာမှာပဲ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
နီကိုးလ်စ်အပေါ် ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ ရဲအရှာရှိ ၅ ဦးစလုံးက လူမည်းအမျိုးသားတွေဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပြန်ပေးဆွဲမှုနဲ့ တခြားစွဲချက်တွေနဲ့ပါ သူတို့ကို တရားစွဲဆိုထားပါတယ်။ ဒီအရာရှိအားလုံးကို ရဲဌာနကနေ ထုတ်ပယ်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။