ပါကစ္စတန်တွင် ဘတ်စ်ကားတစီး လျှိုထဲကျ မီးလောင်ပြီး လူ ၄၀ ကျော်သေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဘလူချစ္စတန်ပြည်နယ်မှာ ဇန်နဝါရီ ၂၉ ရက်က ဘတ်စ်ကားတစီး လျှိုမြောင်တခုထဲကို ထိုးကျမီးလောင်ခဲ့တာကြောင့် လူအယောက် ၄၀ နဲ့အထက် သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီအပျက်အစီးတွေကြားထဲက ရုပ်အလောင်း ၄၁ လောင်း ပြန်ရခဲ့ပေမဲ့ တချို့ကတော့ မမှတ်မိလောက်အောင်ကို မီးလောင်ကျွမ်းသွားတယ်လို့ ခရိုင်ရဲအရာရှိတဦးဖြစ်သူ အစ္စရာ အူမာရာနီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အကူအညီပေးရေးအဖွဲ့ အက်ဒ်ဟီဖောင်ဒေးရှင်းနဲ့ အရေးပေါ်တုံ့ပြန်မှုအဖွဲ့အစည်းက မျှဝေထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာတော့ာ ဒါဇင်နဲ့ချီတဲ့လူတွေကို အပျက်အစီးပုံတွေထဲက သယ်ထုတ်လာကြပြီး လူနာတင်ယာဉ်လုပ်သားတွေကလည်း ရုပ်အလောင်းတခုကို အိတ်ထဲထည့်ကာ မြေပြင်ကမ်းပါးမှာ တန်းစီထားတာကို တွေ့ရပါတယ်။
ခရီးသည် ၄၈ ဦး လိုက်ပါစီးနင်းလာတဲ့ ဒီဘတ်စ်ကားဟာ ဘလူချစ္စတန်ပြည်နယ်ရဲ့ မြို့တော် ကွက်တာကနေ ပါကစ္စတန်တောင်ပိုင်းမြို့တခုဖြစ်တဲ့ ကရာချိကို ဦးတည်မောင်းနှင်လာစဉ် ဒီလိုဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ ဒီလို ယာဉ်မတော်တဆမှုတွေဟာ ပါကစ္စတန်နိုင်ငံမှာ အဖြစ်များလေ့ရှိပြီး ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းသလို ကျေးလက်ဒေသအများစုက လမ်းတွေဟာလည်း အခြေအနေ ဆိုးရွားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ဘလူချစ္စတန်ပြည်နယ်မှာ ခရီးသည်တင် ဗင်ကားတစီး နက်ရှိုင်းတဲ့ လျှိုမြောင်ထဲ ပြုတ်ကျခဲ့တဲ့အတွက် မိသားစုဝင် ၉ ဦး အပါအဝင် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။