အီရန်-တူရကီနယ်စပ်တွင် ပြင်းအား ၅ ဒသမ ၉ ရှိ ငလျင်လှုပ်ပြီး လူ ၂ ဦးထက်မနည်း သေဆုံး

အီရန်နိုင်ငံအနောက်မြောက်ပိုင်းက တူရကီနယ်စပ်အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ဇန်နဝါရီ ၂၈ ရက်က လူ ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီက ဇန်နဝါရီ ၂၉ ရက်မှာ အတည်ပြု ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာကတော့ ဒီငလျင်လှုပ်လို့ လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။
အီရန်ပြည်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီက ဒီဖြစ်ရပ်မှာ လူ ၂ ဦး သေဆုံးခဲ့တဲ့အပြင် နောက်တဦးလည်း ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့တာကြောင့် စုစုပေါင်း လူသေဆုံးမှု ၃ ဦးအထိရှိတယ်လို့ ဆိုပါတယ်။
ကျေးရွာပေါင်း ၇၀ မှာ ဒီလှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရပြီး အပျက်အစီးပုံတွေအောက်မှာ နောက်ထပ် လူတွေပိတ်မိနေတာမျိုး မရှိဘူးလို့ ယုံကြည်ရကြောင်း ဗာဟီဒီက နိုင်ငံပိုင်ရုပ်သံကို ဖြေဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး အရာရှိတဦးကလည်း ဆီးနှင်းတွေကျရောက်နေတဲ့ နယ်မြေဒေသတချို့မှာ အလွန်အေးခဲတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်နေရပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတချို့ ရှိတယ်လို့လည်း နိုင်ငံပိုင်ရုပ်သံကို အစောပိုင်းမှာ ပြောထားပါတယ်။
ဘူမိဗေဒဆိုင်ရာ အဓိကပြတ်ရွေ့ကြောဟာ အီရန်နိုင်ငံမှာ ဖြတ်သန်းတည်ရှိနေတဲ့အတွက် မကြာသေးမီနှစ်တွေအတွင်း ငလျင်အများအပြား လှုပ်ခတ်ခဲ့ရာကနေ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကြုံတွေ့ခံစားခဲ့ရပါတယ်။