ဘရာဇီးတွင် လူငယ်ဘောလုံးသမားများတင်လာသည့်ဘတ်စ်ကား တံတားပေါ်မှပြုတ်ကျပြီး ၄ ဦးသေဆုံး

အငယ်တန်း ဘောလုံးအသင်းသားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဇန်နဝါရီ ၃၀ ရက်က ဘရာဇီးနိုင်ငံ အရှေ့ပိုင်းရှိ တံတားတစင်းပေါ်ကနေ ပြုတ်ကျခဲ့လို့ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။
ဒေသတွင်းမီဒီယာတွေရဲ့ အဆိုအရ အဲဒီမတော်တဆမှုဟာ မီနာ့စ် ဂျဲရိုက်စ် ပြည်နယ်ရှိ အာလမ် ပါရာ့အီဘာ မြို့တော်အနီးမှာ တနင်္လာနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းနဲ့ ယာဉ်မောင်းက ယာဉ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဘတ်စ်ကားဟာ ၁၀ မီတာအမြင့်ရှိ တံတားပေါ်ကနေ ပြုတ်ကျသွားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို နီးစပ်ရာ ကျန်းမာရေးဌာနတွေကို လွှဲပြောင်းပေးထားပါတယ်။ သေဆုံးသူအများစုဟာ ဆယ်ကျော်သက်တွေဖြစ်ကြပြီး ရီယိုဒီဂျနေရိုးရှိ ဗီလာမာရီယာ ဟယ်လီနာ လူငယ်ဘောလုံးအသင်းက အသင်းသားတွေ ဖြစ်ပါတယ်။
မီးသတ်ဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြား ဆယ်ကျော်သက်သုံးဦးနဲ့ အရွယ်ရောက်ပြီးသူတဦးတို့ ပါဝင်ပါတယ်။
ဗီလာမာရီယာအသင်းဟာ ကိုပါနာစီယွန်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်ပြီးနောက်မှာ ယူ-၁၈ ပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ ယူ-၁၆ ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့ပြီး အောင်ပွဲပြန်ရလာတဲ့အသင်း ဖြစ်ပါတယ်။