ပါကစ္စတန်ဗလီ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အယောက် ၉၀ ထိ မြင့်တက်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ် မြို့တော် ပက်ရှ်ဝါရှိ ဗလီတခုအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အများစု အပါအဝင် သေဆုံးသူဦးရေဟာ အယောက် ၉၀ အထိ မြင့်တက်လာပါတယ်။
ဇန်နဝါရီ ၃၀ ရက်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဗလီရဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဇန်နဝါရီ ၃၁ ရက်မှာ ဆက်လုပ်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက် လျော့နည်းလာပြီး လူသေအလောင်းတွေကို ဆွဲထုတ်နေရကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲက တချို့ဟာ နောက်ဆုံးမှာ အသက်ဆုံးရှုံးသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့ နေရာကနေ ပြန်ယူခဲ့တဲ့ ရုပ်အလောင်းတွေကိုပါ ထည့်တွက်ခဲ့တာပါ။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူအများစုကို ပက်ရှ်ဝါရှိ Lady Reading ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်နယ်ကျန်းမာရေးဌာနက ပက်ရှ်ဝ်ရှိ ဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပြည်သူတွေကို သွေးလှူဒါန်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
အလွှာပေါင်းစုံက ပြည်သူတွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပြီး အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မီလက်နက်တွေ တပ်ဆင်ပေးတာ အပါအဝင် အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ အစိုးရကို တိုက်တွန်းကြပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်စ် ရှရစ်ဖှ်ဟာ ဒဏ်ရာရရှိသူတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး ပက်ရှ်ဝါက အဆင့်မြင့် လုံခြုံရေးအစည်းအဝေးမှာ နိုင်ငံတွင်း လက်ရှိလုံခြုံရေးအခြေအနေကို လေ့လာသုံးသပ်ခဲ့ပါတယ်။
အကြမ်းဖက် ဗုံးခွဲမှုအပြီး နိုင်ငံတဝန်း လုံခြုံရေး အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ တေရစ်ခ်-အီ- တာလီဘန်-ပါကစ္စတန် (TTP) က ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း အခိုင်အမာ ဆိုထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ဗုံးခွဲသမားဟာ ဖောက်ခွဲရေးပစ္စည်း ၇ ကီလိုဂရမ်နဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။