close

နေတိုးအဖွဲ့နှင့် ဂျပန်နိုင်ငံ ဆက်ဆံ‌ရေးခိုင်မာစေရန် ကတိပြု

TOKYO, JAPAN - JANUARY 31: NATO Secretary-General Jens Stoltenberg and Japan's Prime Minister Fumio Kishida shake hands after holding a joint media briefing on January 31, 2023 in Tokyo, Japan. Takashi Aoyama/Pool via REUTERS

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အထွေထွေအတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမိယို ကီရှီဒါတို့ဟာ ဇန်နဝါရီ ၃၁ ရက်မှာ ဆက်ဆံရေး ခိုင်မာစေဖို့ ကတိပြုခဲ့ကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး တရုတ်နိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ခဲ့လို့  ဒုတိယကမ္ဘာစစ်နောက်ပိုင်း အတင်းမာဆုံးသော လုံခြုံရေးပတ်ဝန်းကျင်ကို ဖန်တီးခဲ့တယ်လို့လည်း သူတို့က ပြောလိုက်ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ရုရှားရဲ့ နျူးကလီးယားခြိမ်းခြောက်မှု၊ ဂျပန်နိုင်ငံအနားမှာ ရုရှားနဲ့ တရုတ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ခေါင်းစဉ်တွေကို ဆွေးနွေးဖို့ တိုကျိုမြို့တော်မှာ တွေ့ဆုံခဲ့တယ်လို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက်ပိုင်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ဂျပန်-နေတိုး ပူးပေါင်းဆောင်ရွက်မှုဟာ စည်းမျဉ်းအခြေခံပြီး လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာထုံးတမ်း လိုက်နာမှုကို ထိန်းသိမ်းဖို့နဲ့ ခိုင်မာစေဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားအောင်ပွဲက တရုတ်ကို အားတက်စေလိမ့်မယ်လို့ စတော့တန်ဘာ့ဂ်က သတင်းထောက်တွေကို ပြောပါတယ်။

“တရုတ်အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး သူ့ရဲ့ အနာဂတ် ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်တဲ့ သင်ခန်းစာတွေ သင်ယူနေတယ်။ ဒီနေ့ ဥရောပမှာ ဖြစ်ပျက်နေတာတွေက မနက်ဖြန် အရှေ့အာရှမှာ ဖြစ်လာနိုင်တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နေတိုးဟာ ဂျပန်နဲ့ မိတ်ဘက်ပြုမှု ဆက်လက်အားဖြည့်သွားမယ်လို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်အတွင်း စိုင်တာ့မာ့ခရိုင်က အိရုမာ့ လေတပ်အခြေစိုက်စခန်းကို လည်ပတ်နေချိန်မှာ ခုလိုပြောလိုက်တာပါ။

သူဟာ ဂျပန်လေတပ် တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး လေယာဉ်တွေနဲ့ ပစ္စည်းကိရိယာတွေကိုလည်း ကြည့်ရှုခဲ့ပါတယ်။

“ယူကရိန်းစစ်ပွဲအရေးဟာ ကျနော်တို့အားလုံးအတွက် အရေးကြီးပြီး ဂျပန်က လေယာဉ်တွေနဲ့ ကုန်စည်သယ်ပို့နိုင်စွမ်း ပံ့ပိုးထောက်ပံ့ပေးတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်” လို့ သူက အခြေစိုက်စခန်းမှာပြောတဲ့ မိန့်ခွန်းတိုအတွင်း ထည့်ပြောသွားခဲ့ပါတယ်။

“ဂျပန်ဟာ ကျနော်တို့ရဲ့ သက်တမ်းအရင့်ဆုံးနဲ့ စွမ်းရည်အရှိဆုံး မိတ်ဘက်တွေထဲက တနိုင်ငံပါ။ ဒါကြောင့် ဂျပန်ကို ကျနော့်ရဲ့ အလည်အပတ်ခရီးဟာ ကျနော်တို့ အင်မတန် တန်ဖိုးထားရတဲ့ မိတ်ဘက် ဂျပန်နဲ့ နေတိုးကြားက မဟာမိတ် နောက်ထပ်အားဖြည့်ဖို့ နည်းလမ်းတခုပါပဲ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို ရင်ဆိုင်နေတဲ့ အမေရိကန် မဟာမိတ်တွေနဲ့ ဆက်ဆံရေး အားဖြည့်ဖို့ ရည်မှန်းပြီး စတော့တန်ဘာ့ဂ်ဟာ အာရှ အရှေ့မြောက်ပိုင်းကို ခရီးထွက်ခဲ့တာပါ။

ဂျပန်ဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားအစိုးရကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ယူကရိန်းကိုလည်း လူကိုမသေစေတဲ့ စစ်ဘက် အထောက်အပံ့တွေ၊ လူသားချင်းစာနာမှု အထောက်အပံ့တွေနဲ့ ဘဏ္ဍာရေးအကူအညီတွေ ပံ့ပိုးပေးခဲ့ပါတယ်။

ရုရှားကတော့ သူ့ရဲ့ ကျူးကျော်စစ်ကို သူ့လုံခြုံရေးကို ခြိမ်းခြောက်မှုတွေအပေါ် အထူးစစ်ဆင်ရေးလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။

Up