close

တောင်အာဖရိကတွင် ရေပြတ်သဖြင့် ပြည်သူများ ဒေါသထွက်

တောင်အာဖရိကနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လျှပ်စစ်ဓာတ်အားအကျပ်အတည်းက နိုင်ငံရဲ့ ရေသန့်စင်ရေးနဲ့ ရေပေးဝေရေးကွန်ရက်တွေမှာ သက်ရောက်ခဲ့တဲ့အတွက် ရေပြတ်လို့ ပြည်သူတွေက အမျက်ဒေါသ ထွက်နေကြပါတယ်။ 

နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုလုပ်ငန်း အက်စ်ကွန်မ်ဟာ ဒီနှစ်အစ ပိုင်းကတည်းက ဝန်လျှော့ချတဲ့ အလေ့အကျင့်ကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရသလို သုံးစွဲသူတွေဟာလည်း တစ်နေ့မှာ ၆ နာရီကြာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတာပါ။ 

ရေဖြန့်ချိရေးစနစ်အပေါ်မှာ သက်ရောက်မှု ပိုဆိုးလာလို့ ဂျိုဟန်နက်စ်ဘက်ဂ်မြို့နဲ့ နယ်လ်ဆင်မန်ဒဲလားဘေးမြို့အပါအဝင် မြို့ကြီးတွေနဲ့ မြို့ငယ် အများအပြားမှာ ရေပြတ်တောက်မှု ပြဿနာတွေနဲ့ အပြင်းအထန် လုံးပန်းနေရတာပါ။ 

“အခုဆို ရေဆွဲချလို့ မရတာကြောင့် အိမ်သာတောင် သွားလို့မရဘူး၊ မချက်ပြုတ်နိုင်သလို ရေတောင်မချိုးနိုင်တဲ့ အနေအထားပါ၊ တက္ကစီကားထဲမှာဆိုရင် မင်းဘယ်လောက်အနံ့ ပြင်းနေမလဲဆိုတာ စဉ်းစားကြည့်ပါဦး” လို့ ဂျိုဟန်နက်စ်ဘတ်ဂ်မြို့ခံ တစ်ဦးက ပြောပါတယ်။

တချို့သော ကျွမ်းကျွင်သူတွေက လက်ရှိ ရေပိုင်းဆိုင်ရာ အကျပ်အတည်းတွေဟာ အဆိုးဆုံး အခြေအနေအထိ ရောက်ရှိလာနိုင်တယ်လို့ သတိပေးနေကြပြီး ဒါဟာ ရေနဲ့ပက်သက်တဲ့ အခြေခံ အဆောက်အအုံတွေ ကောင်းမွန်တဲ့အနေအထားမှာ ရှိမနေတဲ့အပေါ် ရည်ညွှန်းပြော ဆိုခဲ့ကြတာပါ။

တောင်အာဖရိကတက္ကသိုလ်က ရေသုတေသနကျွမ်းကျင်ပညာရှင် ပါမောက္ခ အန်ညာဒူပလိစစ် ကလည်း“ပထမဆုံးအချက်အနေနဲ့ ကျနော်တို့ရဲ့ အခြေခံအဆောက်အအုံတွေက ပျက်စီးယိုယွင်းနေပါပြီ၊ ဒါကို ပြုပြင်ထိန်းသိမ်းခြင်းမရှိတာကလည်း ဆယ်စုနှစ် ၂ခုကျော်လောက် ရှိနေပါပြီ၊ ဒါတွေဟာ သိသာထင်ရှားတဲ့ အချက်တွေပါပဲ”လို့  သူကမှတ်ချက်ပေးပါတယ်။ 

ဒါ့အပြင် လျော့နည်းလာတဲ့ မိုးရွာသွန်းမှုနဲ့ အပူလှိုင်း အခြေအနေတွေကြောင့်  ဂျိုဟန်နက်စ်ဘတ်ဂ်မြို့က ရေလှောင်တမံတွေဟာလည်း ခြောက်ခန်းသွားဖို့ ရှိနေပါတယ်။

မကြာခဏ ရေပြတ်လာတာနဲ့အမျှ ရေတိုင်ကီတွေကို မြို့တစ်လျှောက် နေရာချထားတာကိုလည်း တွေ့ရပါတယ်။ 

ဒါပေမဲ့ တချိန်တည်းမှာ ဒီရေတိုင်ကီတွေက လူရာပေါင်းများစွာကို ရေဝန်ဆောင်မှု ပေးနိုင်ပေမဲ့ ကျွမ်းကျင်သူတွေကတော့ အခုလို ကြောက်မက်ဖွယ်အခြေအနေအပေါ်မှာ ပိုအရေးတယူ လုပ်ဆောင်ကြဖို့ တောင်းဆိုနေကြပါတယ်။

Up