တောမီးငြှိမ်းသတ်ရန် ချီလီအစိုးရက နိုင်ငံတကာထံ အကူအညီတောင်း

ချီလီနိုင်ငံမှာ ဆက်လောင်ကျွမ်းနေတဲ့ တောမီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ဖို့ ချီလီအစိုးရက ဖေဖော်ဝါရီ ၄ ရက်မှာ နိုင်ငံတကာကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတောမီးလောင်ကျွမ်းမှုကြောင့် နယ်မြေဧရိယာ ဟက်တာပေါင်း ထောင်နဲ့ချီ ပျက်စီး ဆုံးရှုံးခဲ့ရသလို လူဦးရေ ၁ ဒါဇင်ကျော်လည်း သေဆုံးခဲ့ရပါတယ်။
ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတို့မှာ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လက်ရှိ အချိန်အထိ လူ ၂၂ ဦး သေဆုံးခဲ့ပြီးပါပြီ။
ဧရိယာဟက်တာပေါင်း ၄ သောင်းလောက် ပျက်စီးဆုံးရှုံးနေပြီလို့ သတင်းရပြီးတဲ့နောက် အကူအညီထောက်ပံ့ပေးဖို့ ဘရားဇီးလ်၊ အာဂျင်တီးနားနဲ့ ဥရုဂွေးနိုင်ငံတို့ကို တောင်းဆိုခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ကယ်ရိုလီနာတိုဟာ က ပြောပါတယ်။
ချီလီနိုင်ငံတဝန်း ဒါဇင်နဲ့ချီတဲ့ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် ချီလီအစိုးရက ဖေဖော်ဝါရီ ၃ ရက်မှာ အရေးပေါ်အမိန့်ကို သက်တမ်းတိုးခဲ့ပါတယ်။
ပိုပူပြင်းလာတဲ့ နွေရာသီအပူလှိုင်း တွေက ဒီတောမီး လောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ ခက်ခဲရှုပ်ထွေးစေခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း မီးခိုးလှိုင်းလုံးကြီးတွေက လမ်းတွေမှာပိတ်ဆို့နေ တာကြောင့် တောမီးလောင်ကျွမ်းတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ မီးသတ်ဆေး အမှုန့်တွေ ကြဲချခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ မှုန်ဝါးနေတဲ့ လိမ္မော်ရောင်ကောင်းကင်ကို နောက်ခံထားရင်း မီးသတ်သမားတွေ နဲ့အတူ ဒေသခံတွေကလည်း မီးတောက်မီးလျှံတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြ တာပါ။
အမျိုးသားသစ်တော အေဂျင်စီ (CONAF)ကတော့ တောမီးလောင်ကျွမ်းမှုစုစုပေါင်း ၂၃၁ ခုထဲက အခု ၈၀ ကို ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ပေမယ့် ၁၅၁ ခုကတော့ ထိန်းချုပ်မှု အောက်မှာရှိနေပြီလို့ ဖေဖော်ဝါရီ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ချီလီနိုင်ငံက လက်ရှိတောမီးလောင်ကျွမ်းမှု ၂ ဒါဇင်လောက်ကို အနီရောင်အဆင့် သတိပေးချက် အဖြစ် သတ်မှတ်ထားဆဲပါ။