close

ဗြိတိန်ပေါ့ပ်ဂီတဆု ၄ မျိုးလုံးအတွက် ဟယ်ရီစတိုင် ဆန်ကာတင်စာရင်းသွင်းခံရ

ဗြိတိန်ပေါ့ပ်ဂီတဂုဏ်ပြုဆုတစ်ခုဖြစ်တဲ့ BRIT ဆုပေးပွဲမှာ နှုတ်ခမ်းနီမလေးတွေ သည်းခြေ ကြိုက်အဆိုတော် ဟယ်ရီစတိုင်က ဆန်ကာတင်စာရင်းတင်သွင်းခံထားရတဲ့ ဆု အမျိုးအစား ၄ ခုစလုံးမှာ ရွေးချယ်ခံခဲ့ရတာကြောင့် ဖေဖော်ဝါရီ ၁၁ ရက်က အကြီးအကျယ် အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ 

ဒါဟာ ဂရမ်မီဆုအောင်မြင်မှု ရရှိခဲ့အပြီး တပတ်အကြာမှာပဲ နောက်ထပ်ဆု ၄ဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။ 

ဒီဆုပေးပွဲမှာ ဟယ်ရီစတိုင်က တနှစ်တာအတွက် လူကြိုက်အများဆုံးအယ်လ်ဘမ်ဆုကို "Harry House" အယ်လ်ဘမ်နဲ့ ရရှိခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် နှောင်းပိုင်းတွေမှာ ခေတ်စားခဲ့တဲ့ စင့်ပေါ့ပ်ဂီတအမျိုးအစား "As It Was" သီချင်းနဲ့ တနှသ်တာအကောင်းဆုံး  တေးသီချင်းဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်မှာ ပွဲစီစဉ်သူတွေက အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ပေးအပ်မယ့် ဆုအမျိုးအစား ၂ခုထဲကတစ်ခုဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကိုပါ ဟယ်ရီစတိုင် ကရရှိခဲ့ပြီး အကောင်းဆုံး Pop/R&B ဂီတဖျော်ဖြေမှုဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ 

ဒီဆုစာရင်းမှာ ပါဝင်သူ အားလုံးဟာ အမျိုးသားတွေသာ ဖြစ်နေတဲ့အတွက် ဂီတလောကနဲ့ လူမှုကွန်ရက်ပေါ်မှာ ပရိသတ်အများအပြားက စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ 

“ဒီဆုအတွက် တကယ့်၊ တကယ်ကို ကျေးဇူးတင်မိပါတယ်။ ဒီည ဒီစင်ပေါ်မှာ ရှိခွင့်ရတယ်ဆိုတာက အခွင့်ထူးတရပ်ဖြစ်တယ်ဆိုတာကို ကျနော် ကောင်းကောင်း သဘောပေါက်ပါတယ်” လို့ ဟယ်ရီစတိုင်က ဆုလက်ခံစကားထဲမှာ ထည့်သွင်းပြောကြားပါတယ်။

တနှစ်တာအကောင်းဆုံး အနုပညာရှင်ဆုကို အမျိုးသမီးအဆိုတော်တွေအတွက်ပါ ရည်ညွှန်း ကြောင်း ပြောဆိုခဲ့ပါတယ်။ 

"The X Factor" အဆိုပြိုင်ပွဲကနေ "One Direction" အဖွဲ့ဝင်အဖြစ် လူသိများလာခဲ့တဲ့ စတိုင် ဟာ ပြီးခဲ့တဲ့အပတ်တုန်းက တနှစ်တာ အကောင်း ဆုံးအယ်လ်ဘမ်ဆု အပါအဝင် ဂရမ်မီဆု ၂ဆုကို ရရှိခဲ့ပါသေးတယ်။ 

အင်ဒီးရော့ခ်ဂီတအဖွဲ့ ဝက်တ်လက်ကတော့ တနှစ်တာအကောင်းဆုံးဂီတအဖွဲ့ဆု အပြင် အကောင်းဆုံးအနုပညာရှင်အသစ်ဆုကိုပါ ရရှိခဲ့ပါတယ်။ 

ဂီတအကျော်အမော် ဘီယွန်ဆေးကလည်း တနှစ်တာအကောင်းဆုံး နိုင်ငံတကာ အနုပညာရှင်ဆု ကို ရယူနိုင်ခဲ့ပြီး သူရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ "Break My Soul" နဲ့အတူ တနှစ်တာ အကောင်းဆုံး နိုင်ငံတကာ တေးသီချင်းဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

Up