စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပစ်မှတ် ၁၆ ခုကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံး

ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်တွေက စစ်ကိုင်းတိုင်းထဲမှာ စစ်ရေးဆိုင်ရာ ပစ်မှတ် ၁၆ ခုကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကန့်ဘလူမြို့နယ်မှာ ကိုးတောင်ဘို့အထိုင်စခန်း၊ စံပယ်နသာအထိုင် ရဲစခန်း၊ စိန်နားကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စံပယ်နသာအထိုင် ရဲစခန်းကို တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား အယောက် ၂၀ လောက် သေဆုံးပြီး စခန်းနဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းမှတ်တမ်းအရ သိရပါတယ်။
ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နိုင်ခဲ့သလို တန့်ဆည်မြို့နယ်မှာတော့ အင်္ကုက္ကားကျေးရွာ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက်နိုင်ပြီး စခန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာမြို့နယ်မှာတော့ ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်းကို စခန်းသိမ်းတိုက်ခိုက်နိုင်ပြီး ဗောဓိတထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်မှာ မဒေါင်းလှပျူစောထီးစခန်း၊ ယင်းမာပင်မြို့နယ်က ရဲစခန်း၊ ပုလဲမြို့နယ်က ရဲစခန်း၊ အင်မထီးပျူစောထီးစခန်း၊ ဇီးဖြူကုန်း ပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း၊ မြောင်မြို့နယ်မှာ ကျောက်ရစ်ရဲစခန်း၊ ရွှေဘိုမြို့နယ်မှာ ပန်းလှိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းတို့ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် အကြမ်းဖက်စစ်သားနဲ့ ရဲ၊ ပျူစောထီး ၄၄ ယောက်သေဆုံး၊ ၈ ယောက် ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက်ကျဆုံး၊ ၁၃ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်နဲ့ မြင်းခြံခရိုင် တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)နဲ့ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုတွေ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့တွေက က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့တွေရဲ့ ကွပ်ကဲမှုနဲ့ မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။