တူရကီငလျင်ဘေးအတွင်းက စိတ်ထိခိုက်ဖွယ်ရာ အနိဋ္ဌာရုံများ

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးအပြီး နာရီအတော်ကြာမှာ မွေးကင်းစ ကလေးငယ်လေးတွေကို အပျက်အစီးပုံကြားက အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့တာရှိသလို မင်္ဂလာဝတ်စုံအတွက် စီစဉ်ထားရာကနေ ဈာပနဝတ်စုံဖြစ်သွားဖြစ်ရတဲ့ သတို့သမီးအတွက် ကျန်ရစ်သူ သတို့သားလောင်း ငိုကြွေးနေရတဲ့ဖြစ်ရပ်တွေကိုလည်း တွေ့မြင်ရပါတယ်။
တူရကီနိုင်ငံ ဟထေးမြို့မှာ ဖေဖော်ဝါရီ ၈ ရက်က ငလျင်အပြိုအပျက်ပုံတွေ အောက်ကနေ မွေးကင်းစကလေးငယ်လေးတယောက်ကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အဲဒီနေ့မနက်အစောပိုင်း အမှောင်ထုအောက်မှာပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ကြပြီး အပျက်အစီးပုံတွေကို တူးဖော်ရှင်းလင်းရင်း အသက်ရှင်ကျန်သူတွေကို အပူတပြင်း ရှာဖွေခဲ့ကြတာပါ။
အပျက်အစီးတွေကြားကနေ ကလေးငယ်ကို စောင်နဲ့ပတ် သယ်ထုတ်ပြီး ရှေးဦးပြုစုခြင်း ဆောင်ရွက်အပြီးမှာ လူနာတင်ယာဉ်ဆီကို သယ်ဆောင်သွားခဲ့ပါတယ်။ ဒဏ်ရာနဲ့ တူးဖော်လို့ရတဲ့ တခြားလူနာတွေကိုလည်း ဓာတ်ဆားရည်သွင်း ကုသတာမျိုးတွေ ချက်ချင်းလုပ်ဆောင်ပေးပါတယ်။
အလားတူပဲ အစ္စတန်ဘူလ်မြို့က ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာပဲ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတခုအောက်ကနေ ကလေးငယ်တဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ဒါဟာ တူရကီနိုင်ငံ ဟာတိုင်းပြည်နယ်မှာ ငလျင်ဒဏ် အကြီးအကျယ် ခံစားခဲ့ရအပြီး ၆၈ နာရီအကြာမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ ဟယ်လန်လို့ အမည်ရတဲ့ ဒီကလေးငယ်ဟာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ဆေးဘက်ဆိုင်ရာဌာနရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း တူရကီမှာ အဆိုးရွားဆုံးငလျင်ဖြစ်ပြီး ဆေးရုံ၊ စာသင်ကျောင်းနဲ့ လူနေတိုက်ခန်း အပါအဝင် အဆောက်အဦ ထောင်ပေါင်းများစွာ ပြိုကျခဲ့ပြီး သောင်းနဲ့ချီ သေဆုံးဒဏ်ရာရရှိပြီး လူပေါင်းမြောက်မြားစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လူသေအလောင်း ဒါဇင်များစွာ စီတန်းချထားတဲ့ အားကစားခန်းမတခုထဲမှာတော့ အသက် ၂၄ နှစ်အရွယ် သတို့သားလောင်း လူငယ်ဟာ အနီနဲ့ အပြာစပ်ကြား စောင်တထည်နဲ့ ဖုံးအုပ်ထားတဲ့ သူနဲ့စေ့စပ်ထားသူ ဂယ်လ်စင်ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပါတယ်။
သတို့သားလောင်း ယူနွတ်အမ်မရီးကာရာက “ညဘက် အိပ်ပျော်နေတုန်း ပေါက်ကွဲသံလိုလို အသံအကျယ်ကြီး ကြားလိုက်လို့ နိုးလာတာ။ ဖုန်းကို လှမ်းကြည့်လိုက်တုန်းမှာ အိမ်က စလှုပ်လာတယ်။ ဒါနဲ့ အမေ့အိပ်ခန်းကို ချက်ချင်းသွားပြီး အခန်းထဲက ဆွဲထုတ်လိုက်တယ်။ အဖေက အိမ်မှာမရှိဘူး။ အမေ့ကို အိမ်ပြင်ခေါ်ဆင်းသွားတယ်။ အမေအိမ်ပြင်ရောက်တော့ ကျနော့်ချစ်သူကို ရှာဖို့ ပြေးသွားတာ ၃ ကီလိုအကွာခရီးကို ဆယ်မိနစ်အတွင်း ဘယ်လိုရောက်သွားလိုက်မှန်း မသိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က သူတို့စုံတွဲဟာ ဧပြီ ၂၈ ရက်မှာ ကျင်းပတော့မယ့် သူတို့ရဲ့ မင်္ဂလာပွဲအကြောင်း ပျော်ပျော်ရွှင်ရွှင် ပြောခဲ့ကြပေမဲ့လည်း ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ သတို့သား ကာရာဟာ သူနဲ့စေ့စပ်ထားသူကို နောက်ဆုံးအကြိမ် ပွေ့ဖက်ထားရင်း သက်ပြင်းချနေခဲ့ပါတယ်။
ဈာပနအတွက် သတို့သမီးအလောင်းထုတ်ယူဖို့ စာရွက်စာတမ်းမှာ လက်မှတ်ထိုးနေစဉ် ကာရာက လမ်းလျှောက်နေရင်း အသက်မရှိသလို ခံစားနေရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့နှစ်ယောက်မှာ အမှတ်ရစရာတွေ အများကြီးရှိခဲ့ပေမဲ့ ခုတော့ အားလုံးပြီးဆုံးခဲ့ပါပြီ။”
တဘဝမှာ တခါလို ဆိုရလောက်တဲ့ ပြင်းထန်လွန်းလှတဲ့ ငလျင်ကြီးကြောင့် တူရကီမှာ အကြီးအကျယ် ပျက်စီးခဲ့ရပြီး အားကစားကွင်းနဲ့ ကားရပ်နားကွင်းတွေမှာ စီတန်းထားတဲ့ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေအကြား ဆွေမျိုးတွေက သေဆုံးသူသားချင်းတွေကို ဂရုတစိုက် ရှာဖွေနေကြပါတယ်။
မနက်စောစော လူတွေအိပ်မောကျကောင်းနေတဲ့ အချိန်ကောင်းမှာ လှုပ်ခတ်လိုက်တဲ့ ငလျင်ဖြစ်ပြီး ရာချီတဲ့မြို့တွေက အဆောက်အဦ အများအပြား ပြိုကျခဲ့တာကြောင့် လူအသေအပျောက် တိုးလာမယ်လို့ ခန့်မှန်းကြပါတယ်။
နိုင်ငံအနောက်ပိုင်း အဒါနာကနေ အရှေ့ပိုင်း ဒီရာဘကာအထိ ကီလိုမီတာ ၄၅၀ လောက်အကျယ် ဒေသကြီးတခုလုံးမှာ လူပေါင်း ၁၃ ဒသမ ၅ သန်းလောက် ထိခိုက်ခံစားခဲ့ရတယ်လို့ တူရကီအာဏာပိုင်တွေက ဆိုပါတယ်။ အခုနောက်ဆုံးစာရင်းအရ တူရကီနဲ့ ဆီးရီးယားမှာဖြစ်တဲ့ ငလျင်က သေဆုံးသူအရေအတွက် ၃၅,၀၀၀ ကျော်သွားပါပြီ။