close

နေပြည်တော်တွင် ပြည်သူ့စစ်သင်တန်းတက်ရန် ငွေပေးစည်းရုံးနေ

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ  ကျေးရွာတချို့မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့အတွက် ငွေပေးစည်းရုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျေးရွာ၊ ဒေသကာကွယ်ရေး ခေါင်းစဉ်နဲ့ ပြည်သူ့စစ်သင်တန်းတွေကို စစ်ကောင်စီက ဖွဲ့စည်းသင်တန်းပေးနေရာမှာ တက်ရောက်မယ့်သူတွေကို ငွေကြေးထောက်ပံ့မှုတွေ ပေးမယ်ဆိုပြီး ပြောဆိုစည်းရုံးနေကြတယ်လို့ ဆိုပါတယ်။

အဓိကထောက်ပံ့ပေးနေတာက ကြံ့ခိုင်ရေးပါတီကဖြစ်ပြီး တဦးကို ငွေတသိန်းကျပ် ထောက်ပံ့ပေးတယ်လို့လည်း တပ်ကုန်းမြို့နယ်အတွင်းက အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

“တယောက်ကို တသိန်းပေးမယ်လို့ ပြောတယ်။ ပေးတာက ကြံ့ခိုင်ရေးက ပေးမှာတဲ့။ နောက်ပိုင်းမှာလည်း လစာသဘောမျိုးနဲ့ ထောက်ပံ့ပေးမယ်လို့လည်း ပြောတယ်။ ရွာထဲကလူတချို့ကတော့ တက်ဖို့အတွက် စာရင်းပေးထားကြတယ် ကြားတယ်။”

ပြည်သူ့စစ်သင်တန်း‌တွေကို နေပြည်တော်အတွင်းက မြို့နယ်တွေ အပါအဝင် တနိုင်ငံလုံးနီးပါး ပေးနေတာဖြစ်ပြီး အခြေခံစစ်ပညာတွေကို ပို့ချပေးနေတယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာတော့ ပြီးခဲ့တဲ့နှစ်ကတည်းက သင်တန်းတွေ ပို့ချပေးနေတာဖြစ်ပြီး မြို့နယ်တခုချင်းဆီကို လစဉ်အလိုက် သင်ပေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်နဲ့ ပါမစ်တွေလည်း မကြာသေးခင်က ဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့ စစ်မှုထမ်းဟောင်းတွေဟာ သေနတ်ကိုင်ဆောင်ခွင့်တွေ လျှောက်ထားနေကြပါတယ်။

Up