မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်တွင် သေနတ်သမား ပစ်ခတ်မှုကြောင့် ၃ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက သေနတ်သမားတဦး ပစ်ခတ်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တရားဝင် အသေးစိတ်အချက်အလက် အနည်းငယ်ကို ချက်ချင်းရရှိခဲ့ပေမဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံတခုဖြစ်တဲ့ ဘာကီးခန်းမနဲ့ မစ်ရှီဂန် ပြည်နယ်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ နေရာနှစ်ခုတို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တက္ကသိုလ်ရဲတပ်ဖွဲ့ရဲ့ ယာယီလက်ထောက်အကြီးအကဲ ခရစ္စရော့ဇ်မန်းက ပြောပါတယ်။
အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီထိုးပြီးချိန်လောက်မှာ စတင်ခဲ့တဲ့ ပစ်ခတ်မှုကို ရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့ပြီး အဲဒီနေရာနှစ်ခုစလုံးမှာ သေဆုံးသူတွေကို တွေ့ရှိခဲ့ကြောင်း ရော့ဇ်မန်းက ဖြစ်ရပ်အပြီး ၃ နာရီအကြာလောက်မှာ ရုပ်မြင်သံကြား ညနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရသူ အနည်းဆုံး ၅ ဦးကို ဆေးရုံပို့ဆောင်ခဲ့ပြီး တချို့မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ရော့ဇ်မန်းက အတည်ပြုထားပါတယ်။
မစ်ရှီဂန်ပြည်နယ်တက္ကသိုလ် ရဲတပ်ဖွဲ့က နောက်ထပ် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း တွစ်တာကနေ နောက်ဆုံးရသတင်း ထုတ်ပြန်ခဲ့ပါတယ်။
ပထမအကြိမ် ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ ရဲအာဏာပိုင်တွေဟာ ကျောင်းဝင်းအတွင်း နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ သားကောင်တွေနဲ့ သံသယရှိသူတဦးကို ရှာဖွေခဲ့ရာမှာ ကျောင်းဝင်းအဆောက်အဦ အများအပြားကို ရဲတွေက ရှင်းလင်းပြီး လုံခြုံရေး ယူခဲ့ပါတယ်။
ဒက်ထရွိုက်မြို့ အနောက်မြောက်ဘက် မိုင် ၉၀ လောက်အကွာက မစ်ရှီဂန်ရဲ့ အိစ်လန်းစင်းမြို့မှာ ပစ်ခတ်သူကို ရှာဖွေနေချိန်အတွင်း ကျောင်းသားတွေ၊ ကျောင်းဆောင်နေသူတွေနဲ့ ကျောင်းဝင်းပြင်ပ ရပ်ကွက်နေသူတွေကို ကိုယ့်နေရာမှာကိုယ်သာ လုံလုံခြုံခြုံနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။
သံသယရှိသူကို အစပိုင်းမှာ မျက်နှာဖုံးတပ်ထားတဲ့ အရပ်ပုပု အမျိုးသားတဦးလို့ ဖော်ပြထားပြီး သူ့ကို မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံကနေ ပြေးထွက်လာတာကို နောက်ဆုံး မြင်တွေ့လိုက်ရကြောင်း ရော့ဇ်မန်းက ပြောပါတယ်။
ဘွဲ့လွန်နဲ့ ဘွဲ့ကြိုကျောင်းသား ၅၀,၀၀၀ လောက် တက်ရောက်နေကြတဲ့ မစ်ရှီဂန် ပြည်နယ်တက္ကသိုလ်ရဲ့ အတန်းတွေနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေ အားလုံးကို လာမယ့် ၄၈ နာရီအတွင်း ဖျက်သိမ်းထားမှာဖြစ်ကြောင်းလည်း တက္ကသိုလ်ရဲတပ်ဖွဲ့က တနင်္လာနေ့ညမှာ ပြောကြားထားပါတယ်။