close

ထိုင်းတွင် ရာသီဥတုဖောက်ပြန်၊ နိုင်ငံမြောက်ပိုင်းဒေသ မိုးသက်လေပြင်းကျနိုင်ဟု သတိပေး

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်းဘက်ကို အားပျော့တဲ့ မုန်တိုင်းငယ်အဖြစ် ရွေ့လျားလာပြီး  ရာသီဥတုဖောက်ပြန်ကာ မိုးသည်းထန်၊ မိုးသီးကြွေ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေဝသဌာနက  ဖေဖော်ဝါရီ ၁၆ ရက်  ဒီမနက် ၅ နာရီမှာ ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့မှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင် ၊ ချင်းမိုင် ၊ ချင်းရိုင်း၊ လမ်းဖွန်း ၊ လမ်းပန်း ၊ ဖယောင်း ၊ တာ့ခ် ၊ ဥတရဒစ်၊ ဆုခိုထိုင်း ၊ ကမ်ဖိုင်ဖစ် စတဲ့ ခရိုင်တွေမှာ မိုးကြီး၊ လေပြင်းတိုက်၊ မိုးသီးကြွေ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းသင့်ရာအရပ်၊ သစ်ပင်ကြီး ၊ ကြော်ငြာဆိုင်းဘုတ်၊ ခိုင်လုံမှုမရှိတဲ့ အဆောက်အဦတွေအနီးမှာ ရှောင်ရှားဖို့၊ တောင်သူလယ်သမားတွေအနေနဲ့လည်း အခါမဲ့မိုးကြောင့် ကောက်ပဲသီးနှံပျက်စီးမှု ၊ သီးနှံဖျက်ပိုးပေါက်ပွါးမှုရန်တွေ ကြိုတင်ကာကွယ်ဖို့ သတိပေးထားပါတယ်။ 

ဒါ့အပြင် ထိုင်းပင်လယ်အော်မှာလည်း လှိုင်းလုံးအမြင့် ၂ မီတာ မှ ၃ မီတာထိ တက်လာနိုင် တာကြောင့် ငါးဖမ်းလှေတွေ သတိထားပြီးမှ ကမ်းကထွက်ဖို့ သတိပေးထားပါတယ်။

မနေ့ကလည်း ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသနဲ့ ဘန်ကောက်မြို့ တချို့နေရာတွေမှာ မိုးသည်းထန်ကာ ရေကြီးရေလျှံခဲ့ပြီး  ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်လော်နဲ့  ဆန်ပါတောင်းစတဲ့ မြို့နယ်တွေမှာ ရေကြီး၊ မိုးသီးကြွ၊ နှစ်ရှည်သီးပင်လဲပြိုခဲ့ပါတယ်။

Up