နယူးဇီလန်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၈ ဦးအထိမြင့်တက်

နယူးဇီလန်နိုင်ငံမှာ ဆိုင်ကလုန်း Gabrielle ကြောင့် သေဆုံးသူ ၈ ဦးအထိ မြင့်တက်လာကြောင်း ဝန်ကြီးချုပ် ခရစ္စ ဟစ်ပ်ကင်စ်က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ အဆက်အသွယ် ပြတ်တောက်နေတဲ့ ရာနဲ့ချီတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းလည်း သူကပြောပါတယ်။
သြစတြေးလျနိုင်ငံမှ အထူးကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာ ကယ်ဆယ်ရေးနဲ့ ကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရောက်ရှိလာခဲ့ကြောင်း ဟစ်ပ်ကင်စ်က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း စပြီးတိုက်ခတ်ကတည်းက သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေလို့ ရဲတပ်ဖွဲ့ဆီ စာရင်းပေးထားသူတွေဟာ သောကြာနေ့ မွန်းလွဲပိုင်းအထိ လူပေါင်း ၄,၅၀၀ ကျော် ရှိပါတယ်။ အများစုဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို သုံးလို့မရကြဘူးလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
ရေဘေးဒဏ် အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ကျေးလက်ဒေသတွေထဲက တခုဖြစ်တဲ့ Hawke's Bay ဒေသမှာ ရင်ခွဲရုံ ၂ ရုံ ဆောက်လုပ်ထားပါတယ်။
ဆက်သွယ်ရေးနဲ့ နေရာအများအပြားကို သွားလာဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ပြီး အိမ်ခန်းပေါင်း ၆၂,၀၀၀ လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်းရဲ့ အပေါ်ဆုံးဒေသကို ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်က အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့တာမှာ မြို့တွေကို ဖြတ်တောက်ပစ်ပြီး လယ်ကွင်းတွေ၊ တံတားတွေ၊ တိရစ္ဆာန်တွေ မျောပါကုန်တဲ့အပြင် နေအိမ်တွေ ရေကြီးလို့ အိမ်ခေါင်မိုးတွေပေါ်မှာ လူတွေ သောင်တင်ခဲ့ကြရပါတယ်။
စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ လောင်စာဆီ စတဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ်တန်းတွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေကို ရောက်ရှိလာကြပါပြီ။
ကာကွယ်ရေးတပ်ဖွဲ့ဟာ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေဆီ သင်္ဘောတွေကို အသုံးပြုပြီး လိုအပ်တဲ့ပစ္စည်းတွေကို ပို့ဆောင်ပေးနေပါတယ်။