close

မြောက်ကိုရီးယားဒုံကျည်ကျရောက်ပြီးနောက် နိုင်ငံနှင့် ပြည်သူ့အသက်အိုးအိမ်ကာကွယ်ရန် လုပ်ဆောင်မည်ဟု ဂျပန်ပြော

ဂျပန်ရေပိုင်နက်အတွင်းကို ကျရောက်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံး လောလောလတ်လတ် ဒုံးကျည်ပစ်လွှတ်ခဲ့အပြီးမှာ ဂျပန်အစိုးရဟာ ဂျပန်နိုင်ငံနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပိုင်ဆိုင်မှုတွေကို အခိုင်အမာကာကွယ်ဖို့  အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ဆက်လုပ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး တိုရှီရိုအီနိုရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၁ မိနစ် ဝန်းကျင်မှာ သူ့ရဲ့အနောက်ဘက်ကမ်းရိုးတန်းဒေသမှ အရှေ့ဘက်ကို အနည်းဆုံး ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒုံးကျည် ပျံသန်းနေချိန်မှာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ရေပိုင်နက်အတွင်းက ဟော့ကိုင်းဒိုး စီရင်စုရှိ အိုရှီးမားမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၂၀၀ လောက်အကွာကို ညနေ ၆ နာရီ ၂၇ မိနစ် လောက်မှာ ကျရောက်နိုင်မယ်လို့ ဂျပန်အစိုးရက ခန့်မှန်းခဲ့ပါတယ်။

ဒုံးကျည်ပစ်လွှတ်ပြီး တစ်နာရီကျော်အကြာမှာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း ရေပြင်မှာ အဆုံးသတ်သွားခဲ့ကြောင်း ဂျပန်အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ 

အဲဒီလက်နက်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးဒုံးကျည်တွေထဲက တစ်ခုဖြစ်ကြောင်းလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။ 

Up