အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ပြင်ကို မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုးရီးယားနိုင်ငံဟာ ဖေဖော်ဝါရီ ၁၈ ရက်က သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ကို ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က အတည်ပြု ပြောကြားပါတယ်။
မြောက်ကိုးရီးယားက ပစ်လွှတ်လိုက်တာဟာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ဖြစ်နိုင်တယ်လို့ ဂျပန်နိုင်ငံရဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ကလည်း ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ပိုကြီးထွားလာတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က နှစ်စဉ် စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဖို့ ပြင်ဆင်နေကြတဲ့အပေါ် မြောက်ကိုးရီးယားက "မကြုံစဖူး၊ ပြင်းပြင်း ထန်ထန် တုံပြန်မှုတွေကို ဆက်တိုက် လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ရက်မှာ အခုလို ပစ်ခတ်ခဲ့တာပါ။
ဒီလ အစောပိုင်းတုန်းကလည်း မြောက်ကိုးရီးယားဟာ ညအချိန် စစ်ရေးပြချီတက်ပွဲတစ်ခု ကျင်းပခဲ့ပြီး ကမ္ဘာပေါ်က နေရာတိုင်းနီးပါးကို ပစ်ခတ်နိုင်လောက်အောင် ကြီးမားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBMs) အများအပြားကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
လေ့လာသုံးသပ်သူတချို့ကတော့ ဒီချီတက်ပွဲမှာပါဝင်တဲ့ ဆလင်ဒါပုံစံလောင်ချာထဲက ဒုံးကျည်တွေ ဟာ လောင်စာခဲသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အသစ်တစ်ခုရဲ့ ရှေ့ပြေးပုံစံ ဒါမှမဟုတ် ပုံစံတူ တစ်ခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေး ပြောဆိုခဲ့ကြပါတယ်။