ရုရှားအား တရုတ်ပံ့ပိုးမှု နိုင်ငံတကာစည်းကမ်းကို ပျက်ပြားနိုင်ဟု အမေရိကန်ပြော

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ရုရှားကို တရုတ်ရဲ့ ပံ့ပိုးကူညီမှုဟာ စည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို ပျက်ပြားစေလိမ့်မယ်လို့ အမေရိကန် ဒုသမ္မတ ကာမာလာဟာရစ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
"စစ်စတင်ကတည်းက တရုတ်နဲ့ ရုရှား အစိုးရတွေရဲ့ ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း တိုးချဲ့လာတဲ့ အတွက် ကျမတို့လည်း ပူပန်နေပါတယ်။ ရှေ့ကို ကြည့်လိုက်ရင် ရုရှားကို သေစေလောက်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ တရုတ်ရဲ့ ခြေလှမ်းတွေက ရန်လိုမှုကိုသာ ဆုချပြီး သတ်ဖြတ်မှုကို ဆက်လုပ်သွားစေလိမ့်မယ်။"
အမေရိကန်နိုင်ငံရေးပါတီ ၂ ရပ်စလုံးက ယူကရိန်းအတွက် အတ္တလန္တိတ် ဖြတ်ကျော် ထောက်ပံ့မှု တွေ ဆက်ရှိနေမယ်လို့ ဟာရစ်က နှစ်ပတ်လည် မြူးနစ် လုံခြုံရေး ညီလာခံမှာ ဆက်ပြောပါတယ်။
“ရုရှားက အားပျော့သွားပြီ။ အတ္တလန္တိတ် ဖြတ်ကျော်မဟာမိတ်အဖွဲ့ဟာ အရင်ကထက် ပိုအားကောင်းလာပါတယ်" လို့ ဟာရစ်က ပြောချိန်မှာ လက်ခုပ်သြ ဘာပေးခဲ့ကြပါတယ်။
"ယူကရိန်းမှာ ရုရှားရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေကို စစ်ဆေးပြီး ပါပြီ။ တရားဥပဒေ စံနှုန်းတွေကို ကျမတို့ သိပါတယ်။ ပြီးတော့ ဒါတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဆိုတာ သံသယဖြစ်စရာ မရှိပါဘူး" လို့ ဟာရစ်က ပြောကြား ခဲ့ပါတယ်။