close

ဂျပန်စစ်တပ်တည်ဆောက်မှုအပေါ် တရုတ်စိုးရိမ်ပူပန်

တရုတ်အစိုးရဟာ ဂျပန်အစိုးရရဲ့ စစ်တပ်တည်ဆောက်မှုကြောင့် အလွန်စိတ်ပူပန်ခဲ့ရတယ်လို့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး စွန်းဝေဒုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

ဂျပန်က စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲရင်း လေးနှစ်အတွင်း ပထမဆုံးဖြစ်တဲ့ တရုတ်နဲ့ ဂျပန် တရားဝင်လုံခြုံရေးဆွေးနွေးပွဲထဲမှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

“ရိုးရိုးသားသားပြောရရင် ဂျပန်နိုင်ငံက သူ့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်း အသစ်တွေ ထုတ်ပြန်မှာကို အလေးအနက် စိုးရိမ်ပူပန်မိပါတယ်” လို့ စွန်းက တိုကျိုမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အစည်းအဝေးအစမှာ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ရှိငဲ့အို ယာ့မာ့ဒါ့နဲ့ တွေ့ချိန်မှာ ပြောခဲ့တာပါ။

ဂျပန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ စိန်ခေါ်မှုတွေနဲ့ ပြဿနာ အများကြီးကို ရင်ဆိုင်ရတယ်၊ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ အထူးသဖြင့် ကာကွယ်ရေးမှာ လိုအပ်တယ်လို့ ဆွေးနွေးပွဲအတွင်း ယာ့မာ့ဒါက အလေးပေး ပြောဆိုခဲ့ပါတယ်။

လုံခြုံရေးဆွေးနွေးပွဲဟာ အရှေ့အာရှ အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေ ဖြေလျှော့ဖို့ ရည်ရွယ်ထားတာပါ။

ရုရှားက ယူကရိန်းကို တိုက်ခိုက်ပြီးတဲ့နောက် ထိုင်ဝမ်ကိုထိန်းချုပ်ဖို့ တရုတ်က စစ်ရေးအရ အရေးယူဆောင်ရွက်သွားရင်း ဂျပန်ကို အမှုပတ်မှာကို ဂျပန်အစိုးရက စိုးရိမ်နေပါတယ်။

ဂျပန်နိုင်ငံဟာ အမေရိကန်ပြင်ပ နိုင်ငံရပ်ခြားမှာ အမေရိကန်စစ်တပ်တွေ အကြီးမားဆုံး စုစည်းနေတဲ့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံပေးထားပါတယ်။

Up