close

ထိုင်းတွင် တရားမဝင်ဖမ်းဆီးရမိသည့် လက်နက်ပေါင်း ၂၀၀၀၀ ကျော် ဖျက်ဆီး

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် လက်နက် အလက်ပေါင်း ၂၀၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က အခမ်းအနားနဲ့ ဖျက်ဆီးခဲ့ပါတယ်။ 

အဆိုပါအခမ်းအနားကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်ရုန်းဆဒ် ကစ်သီပဖတ်က ဦးဆောင် ပြီး လယောင်းခရိုင် နိခုမ်းဖတ်ထနားမြို့နယ်ရှိ Millcon ကုမ္ပဏီရဲ့ သံရည်ကျိုစက်ရုံကနေ ဝန်ဆောင် ဖျက်ဆီးပေးခဲ့တာပါ။

အဆိုပါလက်နက်တွေကို ပြန်လည်သုံးစွဲလို့မရအောင် ပထမဦးစွာ ကြိတ်စက်နဲ့ခြေမွပြီး အပူရှိန်ပြင်း ပြင်းနဲ့ အရည်ကျိုလိုက်တယ်လို့ ဆိုပါတယ်။

ဖျက်ဆီးပစ်တဲ့ လက်နက်ပေါင်း  ၁၃၅၅၉ လက်ရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှ ဒီဇင်ဘာ ၃၁ ရက်အတွင်း သေနတ်ပေါင်း ၇၁၇၆ လက် ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း တရားမဝင်လက်နက် ၂၀၃၇၅ လက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရဲချုပ်ကြီး ဒမ်ရုန်းဆဒ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုလျော့နည်းပပျောက်ရေး တရားမဝင်လက်နက်ရောင်းဝယ်မှု၊ ထုတ်လုပ် မှုတွေကိုစုံစမ်းဖော်ထုတ်အရေးယူခဲ့ကြောင်း၊ အဲဒီထဲက တရားရုံးမှာအမှုစီရင်ပြီးပြတ်သွားတဲ့ လက်နက်တွေကို ဖျက်ဆီးပစ်တာဖြစ်ကြောင်း၊ ဒါဟာ ရာဇဝတ်မှုနှိမ်နင်းရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ်လုံခြုံရေး ယုံကြည်မှုရရှိရေးအတွက် ဆောင်ရွက်ရတာလို့   ရဲချုပ်ကြီး ဒမ်ရုန်း ဆဒ်က ပြောပါတယ်။ 

Up