ရွှေတြိဂံဒေသတွင် စိတ်ကြွဆေး ၆ သန်းခွဲခန့် ဖမ်းဆီးရမိ

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ် ရွှေတိဂံဒေသမှာ ထိုင်းအာဏာပိုင်တွေက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၆ သန်း ၄ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၉ နာရီလောက်က မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဲခေါင်မြစ်ထဲမှာ လှေ ၂ စီးနဲ့လည်းကောင်း၊ ကုန်းပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့လည်းကောင်း ကင်းလှည့်စစ်ဆေးနေစဉ် ကျိန်းဆဲန်မြို့နယ် ဝိန်းအုပ်စု ရွှေတြိဂံဒေသ ဆွပ်လုတ်ရွာအနီး ဟီရန်နခွန်းဆိပ်ခံတံတားဆီ ကမ်းကပ်လာတဲ့ မသင်္ကာဘွယ် လှေ ၂ စီးကို တွေ့ရတယ်လို့ ဆိုပါတယ်။
လှေခုတ်မောင်းသူတွေက တာဝန်ရှိသူတွေကို လှမ်းမြင်လိုက်တဲ့အခါ ၂ ဦးလုံး ရေထဲခုန်ချပြီး ပျောက်ကွယ်သွားကြောင်း၊ တာဝန်ရှိသူတွေ လှေအနားကိုရောက်လာတဲ့အခါမှာတော့ လှေပေါ်မှာ တစုံတယောက်မှ ရှိမနေတော့ဘဲ လှေဝမ်းထဲမှာ သက်တံ့ရောင်မြွေရေခွံအိတ် စုစုပေါင်း ၃၂ လုံးကို တွေ့ရှိတာလို့ ဆိုပါတယ်။
အိတ်ထဲမှာ L, TESLA နဲ့ Y1 တံဆိပ်နှိပ်ထားတဲ့ အထုပ်တွေထည့်ထားကြောင်း၊ အထဲမှာတော့ WY တံဆိပ်ပါ စိတ်ကြွဆေးပြားတွေ တွေ့ရှိကြောင်း၊ အိတ် ၁ လုံးမှာ စိတ်ကြွဆေးပြား ၂ သိန်းစီပါတဲ့အတွက် စုစုပေါင်း စိတ်ကြွဆေး ၆၄ သိန်း ဖမ်းမိတာလို့ ဆိုပါတယ်။
အဲဒီနောက် အမှတ် ၃၁၀၂ တပ်ရင်းမှူး၊ အမှတ် ၃၂၇ နယ်ခြားစောင့်တပ်နဲ့ ကျိန်းဆဲန် လုံခြုံရေးကောင်စီ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးကြပြီး လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။