close

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ၇ ကြိမ်မြောက်ပစ်လွှတ်

မြောက်ကိုရီးယားဟာ သူ့ရဲ့ လက်နက်စွမ်းရည်ပြည့်ဝစေဖို့  ဒီနှစ်ထဲမှာ ၇ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ချက်ကို ဆောင်ရွက်နိုင်သလို တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ICBM တွေကို တာဝေးပစ် ဒုံးလွှတ်စင်ပေါ်ကနေ ပစ်လွှတ်စမ်းသပ်နိုင်ခဲ့တယ်လို့ ထောက်လှမ်းရေး အရာရှိတွေကို ကိုးကားပြီး တောင်ကိုရီးယားလွှတ်တော်အမတ်တွေက ဖေဖော်ဝါရီ ၂၂ရက်မှာ ပြောပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ကို ဖိအားပေးဖို့ ပုံမှန်ဒုံးလွှတ်စင်ကနေ ICBM တွေကို စမ်းသပ် နိုင်တယ်လို့ ဆိုးလ်မြို့တော်က အမျိုးသား ထောက်လှမ်းရေးဌာန (NIS) နဲ့ အစည်းအဝေးအပြီး လွှတ်တော်အမတ်တွေက ပြောခဲ့တာပါ။

အမေရိကန်ကတော့ လတ်တလောမှာ ဒေသတွင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး လာမယ့်လတွေ အတွင်း ပိုကြီးတဲ့ စစ်ရေး လေ့ကျင့်မှုတွေအတွက် စီစဉ်နေပါတယ်။

အာရှအိမ်နီးချင်း တောင်ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံကြားက ပင်လယ်ရေပြင်ပေါ်မှာ အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ရေတပ်တို့ ဖေဖော်ဝါရီ ၂၂ ရက်က ပူးတွဲဗျူဟာမြောက် စစ်ရေးလေ့ကျင့် အပြီး အသေးစိတ်ရှင်းလင်းညွှန်ကြားချက် ထွက်ပေါ်လာတာပါ။

ပဲ့ထိန်းဒုံးကျည်ကို သုံးပွင့်ဆိုင် တုံ့ပြန်ရေး ရည်မှန်းထားတဲ့ လေ့ကျင့်ရေးသင်တန်းမှာ ဂျပန် ကင်းထောက် သင်္ဘောတစီးဟာ အမေရိကန်နဲ့ တောင်ကိုရီးယား ဖျက်သင်္ဘောတွေနဲ့အတူ သင်တန်းမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒုံးကျည်စမ်းသပ်ချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ရဲ့ မှတ်ချက်ကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဘက်လိုက်တဲ့ မှတ်ချက်အဖြစ် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ပါတယ်။

ဂူတာရက်စ်ကတော့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ်  ICBM ပစ်လွှတ်စမ်းသပ်ချက်ကို ပြစ်တင် ဝေဖန်ခဲ့ပြီး ကျူးကျော်ရန်လိုတဲ့ နောက်ထပ် လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Up