close

မြောက်ကိုရီးယားဆိုင်ရာ အရေးပေါ်အစည်းအဝေးခေါ်ရန် ဂျပန်ဝန်ကြီးချုပ် ကုလကို တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယား အရေးကိစ္စဆိုင်ရာ အရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပပေးဖို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမိယိုကီရှီဒါက  ဖေဖော်ဝါရီ ၂၀ ရက်မှာ တောင်းဆိုပါတယ်။

ဒါဟာ မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေဟာ ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းလွန်ဒေသ ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာ မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ကို ပဲ့ထိန်းဒုံးကျည်တစင်းနဲ့ ပထမဆုံး စတင်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သူက ပြောပါတယ်။

အဲ့ဒီနောက်မှာ နောက်ထပ် အလားတူပစ်ခတ်မှု ၂ ကြိမ်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြုလုပ်သွားတာပါ။

ဂျပန်အစိုးရ အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ ဟီရိုခါ့ဇု မတ်ဆုနိုက ဒီ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဂျပန်နိုင်ငံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းအပေါ် မြောက်ကိုရီးယားက ခြိမ်းခြောက်မှုလုပ်ရပ်တွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒါဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူး” လို့ မတ်ဆုနိုက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

Up